
ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
ထားဝယ်ခရိုင် ဒီမိုကရေစီတက်ကြွလှုပ်ရှားမှု သပိတ်ကော်မတီဝင်၊ အကြမ်းမဖက် လူထုဆန္ဒပြပွဲကို ဦးဆောင်လှုပ်ရှားနေတဲ့ ကိုမင်းလွင်ဦးရဲ့ဖခင်ဖြစ်သူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စစ်ကောင်စီတပ်က တရားစွဲလိုက်တယ်လို့ ကိုမင်းလွင်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ကို စစ်ကောင်စီတပ်က လောင်းလုံမြို့နယ်၊ ပြင်းထိန်ရွာရှိ နေအိမ်မှာ လာရောက်ဖမ်းဆီးတဲ့အချိန် ကျောင်းသားသမဂ္ဂလက်ပတ်တခုနဲ့ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ အင်္ကျီတစ်ထည် တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖခင်ဖြစ်သူကို နေအိမ်မှာဘဲ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
“သူတို့ အိမ်ကိုလာရှာတဲ့အချိန် နှင်းဆီရောင်အမျိုးမီးသမဂ္ဂ အင်္ကျီတစ်ထည်၊ ကျောင်းသားသမဂ္ဂ လက်ပတ်တစ်ခု တွေ့တယ်လို့ပြောတယ်။ စာအုပ်ဗီရိုအောက်မှာ လက်ပတ်တွေ့တယ်ပြောတယ်။ ကျနော်ဟာဖြစ်ချင်မှဖြစ်မှာ။ သူတို့ယူလာရင်ယူလာနိုင်တယ်။ ကျနော့်ဟာဖြစ်ရင်တောင်မှ ကျနော့်မိဘတွေမသိဘူးဆိုတာလည်း ပေါ်လွင်နေတာဘဲလေ။ တကယ်လို့ မိဘတွေသိရင် ဒီတိုင်းထားမှာလည်းမဟုတ်ဘူးလေ။ တခုခုလုပ်လိုက်မှာဘဲလေ။ ကျနော်ပစ္စည်းက ကျနော်နဲ့ဘဲ ဆိုင်တာလေ” လို့ သူကဆိုပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျောင်းသားသမဂ္ဂလက်ပတ်တစ်ခုနဲ့ အင်္ကျီတစ်ထည်တွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ရာဇသတ်ကြီးပုဒ်က ၅၀၅(က) နဲ့ အမှုဖွင့်တရားစွဲဆို လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက “သူတို့က လက်ပတ်နဲ့ အင်္ကျီတွေ့လို့ ၅၀၅(က) နဲ့စွဲတာပေါ့။ ရာဇသတ်ကြီးပုဒ်က ၅၀၅(က)ရဲ့ ပြဌာန်းချက်အရ တရားစွဲလို့ရတဲ့အခြေအနေအထိ သက်သေမရှိဘူး။ သူတို့လိုချင်တဲ့ ပုဒ်မကို သူတို့ဟာသူတို့တပ်တယ်။ ဘယ်နှနှစ်ချမယ်ဆိုတာက သူတို့မှာရှိထားပြီးထားလေ” လို့သူကဆက်ပြောပါတယ်။
အသက် ၆၅ နှစ်အရွယ်ရှိ ဦးအောင်ဖေကို လောင်းလုံမြို့မရဲစခန်းမှာ ဖမ်းဆီခံရတဲ့ အချိန်ကစပြီး ၂လနီးပါးကြာတဲ့အထိ စစ်ကောင်စီတပ်တွေက မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘူးလို့ သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးဆီကနေ သိရပါတယ်။
“သူတို့စဖမ်းတဲ့ အချိန်ကစပြီး မိသားစုနဲ့တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုတယ်။ တွေ့ခွင့်မရခဲ့ဘူး။ သူတို့က လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး တရားစွဲတဲ့အချိန်မှ တွေ့ခွင့်ပေးမယ်လို့ပြောတယ်” လို့ သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာ ကိုမင်းလွင်ဦးရဲ့ဖခင်ဖြစ်သူကို လောင်းလုံမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဩဂုတ်လ ၁၃ ရက်နေ့က မိသားစုတွေနဲ့ တွေ့ခွင့်ရရှိခဲ့ပြီး ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ကိုမင်းလွင်ဦးရဲ့ ဖခင်ကို နေအိမ်မှာ လာရောက်ဖမ်းဆီးချိန် ငွေကျပ် ၈ သိန်း၊ ဖုန်း ၂ လုံးနဲ့ တန်ဖိုးရှိပစ္စည်းအချို့ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။ လောင်းလုံမြို့နယ်မှာ ဖမ်းဆီခံရပြီး ၅၀၅(က) ပုဒ်မနဲ့ တရားစွဲခံရတဲ့သူအများစုကို လောင်းလုံမြို့နယ်ရဲစခန်းမှာဘဲ ရုံးထုတ်စစ်ဆေးလေ့ ရှိတယ်လို့ ကိုမင်းလွင်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“ဘယ်နေ့ ရုံးထုတ်မယ်ဆိုတာကိုတော့ သူတို့ဘက်ကမပြောလိုက်ဘူး။ လောင်းလုံမှာ ဖမ်းခံရတဲ့ ၅၀၅ တော်တော်များများက လောင်းလုံမှာဘဲ့ ရုံးထုတ်စစ်ဆေးတာမျိုးရှိတယ်” လို့ သူကပြောပါတယ်။
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ စစ်ကောင်စီတပ်တွေက ကာယကံရှင်ကို ဖမ်းဆီးမရရှိလို့ မိသားစုဝင်တွေကို ဒုက္ခပေးတဲ့ဖြစ်စဉ်က တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေး လူငယ်တွေလည်း ကြုံတွေ့နေရတာဖြစ်တာကြောင့် အထူးအဆန်းမဟုတ်တော့သလို စစ်အာဏာရှင်စနစ်ကျရှုံးသည်အထိ အကြမ်းမဖက် လူထုလှုပ်ရှားမှု သပိတ်တွေနဲ့ ဆက်လက် တော်လှန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလကလည်း ကိုမင်းလွင်ဦးရဲ့ မိခင်ကို စစ်ကောင်စီတပ်က ၅ ရက်ကြာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ထားဝယ်ခရိုင်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားနေသူ ၅ ဦးလောက်ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာတွေနဲ့ နေအိမ်တွေ မီးရှို့တာကိုလည်း စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေက လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – ကိုမင်းလွင်ဦးရဲ့ ဖခင် ဦးအောင်ဖေ
Phar Si Than (People’s Radio Myanmar)