ဘားအံမြို့က စစ်တပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေတိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ခံစစ်ပြင်ဆင်နေ

ဖေဖော်ဝါရီလ ၁၀ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ဘားအံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေမှာ တိုက်ခိုက်ခံရမှာကိုစိုးရိမ်တာကြောင့် ဘန်ကာတွေ၊ ဂိတ်တွေကိုအခိုင်အမာတည်ဆောက်ကာ ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဖေဖော်ဝါရီလ အစပိုင်းလောက်ကနေစပြီး ဘားအံမြို့အမှတ်၄ရပ်ကွက်ရှိပြည်နယ်ပညာ ရေးမှူးရုံး၊ ဆေးဝင်္ကာပါဘုန်းကြီးကျောင်းရှေ့နဲ့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးရုံးအနီး၊ အဲ့ဒီနေရာ၃ခုမှာ စုစုပေါင်းဘန်ကာ ကတုတ်ကျင်း၄ခုလောက်ကို အခိုင်အမာတည်ဆောက်ထားတယ်လို့ ဘားအံမြို့ခံတစ်ဦးကပြောပါတယ်။

“ဘုန်းကြီးကျောင်းရှေ့မှာက ၂ခု အဲ့ဒီနေရာမှာဆိုရဲတွေကိုယ်တိုင်စောင့်တာ တစ်ခုမှာ နှစ်ယောက်၃ယောက်စောင့်တယ် ပြီးတော့လဝကရုံးမှာလည်းရှိတယ် အဲ့ဒီမှာလည်းရဲတွေစောင့်တယ် အရင်တုန်းကဆိုရင်လဝကရုံးမှာဒီတိုင်းဇာအစိမ်းနဲ့ပဲ အခုအုတ်တွေနဲ့အသစ်ပြန်ဆောက်ထားတယ် မကြာသေးဘူး မြင့်တယ်အရင်လိုရုံးတွေ မမြင်ရဘူး ပညာရေးရုံးမှာက ရဲတွေလာစောင့်တာမရှိဘူး”လို့ သူကပြောပါတယ်။

သီရိကွင်း(ပြည်နယ်ကွင်း)အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်နဲ့ ဘန်ကာကတုတ်ကျင်းပေါင်း ၅ခုလောက်ရှိသလို သီရိကွင်းရုံးကုန်းထိပ် အဝိုင်းနားမှာလည်း အုတ်၊ ကွန်ကရစ်အတိုင်နဲ့ နှစ်ထပ်ဘန်ကာကို အခိုင်အမာတည်ဆောက်ထားပါတယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးကပြောပါတယ်။

“အဲ့မှာဆိုရင်အဝိုင်းကြီးကနေစပိတ်ထားတယ်ဟို့ဘက်မှာဆိုပြည်ထောင်စုမီးပွိုင့်၊ဒီဘက်ထောင့်မှာဆိုမော်တော်ပီကယ်ရုံး၊ နောက်ပြီးဝန်ထမ်းအိမ်ယာအဲ့ဘက်မှာတွေဆိုဘန်ကာသက်သက်ပဲ အများကြီးပဲ တွေ့တာကတော့ အရုပ်သုံးရုပ်နားက ဘန်ကာကအကြီးကြီးပဲ ကွန်ကရစ်ဘန်ကာလေနှစ်ထပ်လေဆောက်ထားတာတောင် တော်တော်ပြီးနေပြီးဟို့ဘက်တွေကျတော့ သဲအိတ် တွေနည်းနည်းသေးတယ်သဲအိတ်ဘန်ကာတွေမှာတော့ လူတွေနေတာသိပ်မတွေ့ သေးဘူးကွန်ကရစ်ဘန်ကာကျရင်နေကြမယ်ထင်တယ်”လို့ ဆိုပါတယ်။

အဲ့ဒီသီရိကွင်းအနီးတစ်ဝိုက်မှာပဲ ဗန်ကာ ကတုတ်ကျင်းတွေကို ထပ်မံဆောက်လုပ်နေတာရှိသလို အခုလိုဆောက်လုပ်နေတာတွေဟာ စစ်ကောင်စီတပ်ရဲ့ ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရမှာကို စိုးရိမ်နေတာကြောင့်ဖြစ်နိုင်တယ်လို့ မြို့ခံတွေရဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်။

အခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကနေစပြီး ဘားအံမြို့အနီးတစ်ဝိုက်ရှိကျေးရွာတွေမှာ စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးကနေတစ်ဆင့်တပ်သားသစ်ခေါ်ယူစုဆောင်းတာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar)