
နိုဝင်ဘာလ ၃၀ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်ရှိ မြိတ်-တနင်္သာရီကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁) ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၂၉ရက်နေ့၊ မနက် ၉နာရီ ၁၀မိနစ်လောက်မှာ မြိတ်ဘက်ကနေလာတဲ့ အင်အား (၅၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ကားနှစ်စီးကို တနင်္သာရီမြို့နယ်ရှိ ချောင်းညီကိုရွာနဲ့ ရမ်းဖိုရွာကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁) ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ သူတို့လာတာ ကျောက်ကားကြီနှစ်စီးနဲ့ပါ။ စစ်ကားတွေနဲ့ လာတာမဟုတ်ပါဘူး။ မြိတ်ဘက်ကနေ တနင်္သာရီဘက်ကို လာတာ။ အဲ့ဒီရွာနှစ်ရွာကြားမှာ ပဒေသာမိုင်းနဲ့ဆွဲတာ” လို့သူကအခုလိုပြောပါတယ်။
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်တွေရဲ့ ကားတစ်စီးပျက်စီးသွားပြီး စစ်တပ်ရဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၇)ယောက် ထိခိုက်သေဆုံးတယ်လို့ကနဦးသိရပေမယ့် ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုပြောဆိုနိုင်တာမျိုး မရှိသေးပါဘူး။
မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁) ရဲ့ တာဝန်ရှိသူက “ မိုင်းဆွဲတဲ့အချိန် သူတို့ဘက်က ပြန်ပစ်တာမျိုးမရှိဘူး။ ထိခိုက်ကျဆုံးစာရင်းကိုတော့ ကျနော်တို့ အတည်ပြုဖို့ကြိုးစားနေပါတယ်။ သတင်းရတာတော့ အရာရှိတယောက်လည်း သေတယ်လို့ သိရတယ်။ ကားတော့ ပျက်စီးသွားတယ်” လို့သူကအခုလိုဆက်ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်တွေဘက်ရဲ့ တနင်္သာရီအခြေစိုက် ခမရ (၅၅၇)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ နေ့လည်ပိုင်းအထိ ရမ်းသမ်းပစ်ခတ်နေတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)၊ မြိတ် (ပကဖ)၊ တနင်္သာရီ (ပကဖ)နဲ့ အရိပ်ပြောက်ကျား ပုလော(ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက ပျက်စီးသွားတဲ့ ကားကို နောက်ထပ်ကားတစ်စီးနဲ့ဆွဲပြီး အခုလက်ရှိ တနင်္သာရီအခြေစိုက် အမတ (၃၀၆) တပ်ရင်းမှာ ပြုပြင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြပါတယ်။
“ ပစ်သံတွေကြားရပြီး အချိန်အနည်းငယ်ကြာတော့ ပျက်သွားတဲ့ကားကို နောက်ထပ်တစ်စီးနဲ့ လာဆွဲသွားတယ်။ အမြောက်တပ်ထဲ ယူသွားတယ်။ လက်နက်ကြီးထုတာက တောက်လျှောက်ဘဲ” လို့ တနင်္သာရီမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ရှိ ချောင်ညီကိုရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သား (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)