
မေလ ၃ရက် ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင်းက ပြန်လည်ဝင်ရောက်နေထိုင်ခြင်းမရှိတဲ့ ဒေသခံပြည်သူတွေရဲ့ အိမ်၊ခြံတွေကို သိမ်မယ်ဆိုပြီးစစ်ကောင်စီတပ်ခန့်ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကလိုက်လံပြောဆိုနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဧပြီလ နောက်ဆုံးအပတ်လောက်ကနေစပြီး ကော့ကရိတ်မြို့အတွင်းရှိ ရပ်ကွက်တွေကနေအိမ်တွေကို လူနေထိုင်တာရှိ၊မရှိ စာရင်းကောက်ခံနေတာဖြစ်ပြီး ပြန်မနေတဲ့ အိမ်၊ခြံတွေကို သိမ်းသွားမယ်လို့ဆိုပါတယ်။
အမှတ် ၅ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ကော့ကရိတ်မှာစာရင်းကောက်နေတယ်ပြန်မနေတဲ့အိမ်တွေခြံတွေသိမ်းမယ်တဲ့ သိမ်းချင်လည်းသိမ်းပါစေတော့ အသက်လောက်ဘယ်ဟာမှအရေးမကြီးဘူးအခုက ရပ်ကွက်လူကြီးတွေကလိုက်ပြောတာလေ စစ်တပ်ကပြောခိုင်းလို့ဖြစ်မှာပေါ့” လို့ အမှတ် ၅ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။
အခုလိုလိုက်လံပြောဆိုနေတာကော့ကရိတ်မြို့တွင်းပြည်သူတွေပြန်ဝင်လာအောင်ခြိမ်းခြောက်နေတာဖြစ်ပြီး ပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်မှာလည်း အများစုမှာ နေအိမ်မီးလောင်ပျက်စီးတာ၊ အလုပ်အကိုင်တွေလည်း မရှိတာကြောင့် ပြန်နေဖို့မှာအဆင်မပြေနိုင်သေးဘူးလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကဆိုပါတယ်။
“လူတွေကိုခြောက်နေတာလေ လူတွေပြန်ဝင်လာအောင်လုပ်နေတာပေါ့ ပြန်ဝင်စေချင်ရင်တော့ အိမ်ပြန်ဆောက်ပေးမှပဲရမယ် ပြန်ရင်လည်းဘယ်မှာသွားနေရမလဲ ပြန်နေဖို့အတွက်ဆိုရင်ဒါတွေကို စီစဉ်ပေးမှရမယ်”လို့ဆိုပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့တွင်းကအိမ်အခြေအနေပြန်လည်ကြည့်ရှုသူတွေကိုလည်း စစ်တပ်က မြို့အဝင်ဂိတ်နေရာတွေမှာ ကား၊ ဆိုင်ကယ်နံပါတ်တွေကို စာရင်းပေးပြီးမှမြို့တွင်းဝင်ခွင့်ပြုတယ်လို့လဲ ဆိုပါတယ်။
ကော့ကရိတ်မှာဖြစ်ပွားခဲ့တဲ့ ၄လကျော်ကြာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းနေအိမ် ၆၀၀ကျော် မီးလောင်ပျက်စီးခဲ့တာကြောင့် မြို့တွင်းမှာ မီးလောင်မလောင်ပဲ ကျန်ရှိနေသေးတဲ့နေအိမ်တွေက ဒေသခံအနည်းစုတွေသာ အိမ်ဖောက်ခံရမှာကို စိုးရိမ်တာကြောင့် ပြန်လည်နေထိုင်တာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-လူမှုကွန်ရက်
Phar Si Than (People’s Radio Myanmar)