စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျားစခန်းကျေးရွာက အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရ

မေလ ၃ရက် ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၂ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ တောင်ငူ-သံတောင်လမ်း (၁၃) မိုင်ဂိတ်ကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပျားစခန်းကျေးရွာထဲကိုလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၇၀ ဝန်းကျင်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆေးကုသမှုခံယူနေတယ်လို့ သံတောင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ ရွာထဲကို လက်နက်ကြီးတွေကျတာ၊ ရွာကလူတွေလည်း ပြေးကြရတယ်၊ အိမ်ပေါ်တွေကိုကျပြီး လူထိတာ၊ အခုတော့ ဆေးရုံမှာ ၃ ယောက်လုံးရှိနေကြတယ်၊ အစဆင်တာလောက်ဘဲရှိတယ်၊” လို့ သူကပြောပါတယ်။

သံတောင်မြို့အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ သံမိုတောင်၊ ပျားစခန်း၊ တပြေး၊ ရေတာရှည်အပါအဝင် အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို စစ်တပ်က ဧပြီလ ၁၅ရက်နေ့လောက်ထဲက လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အိမ်ခြေ၄၅၇အိမ်က ဒေသခံ ၃ထောင်ကျော်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ကြရပြီး အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

“ အဓိကလိုအပ်တာကတော့ အခြေခံစားစရာတွေပေါ့၊ ဆန်တို့၊ ဆီတို့လိုအပ်တယ်၊ လူများတော့ သောက်ရေလည်း လိုတယ်၊ နေကလည်းပူတော့ လူကြီးတွေအတွက်ကျတော့ နေရတာအဆင်မပြေဘူး၊ ချွေးထွက်လွန်တာတို့ သွေးတိုးတာတို့ရှိနေကြတယ်၊” လို့ သူကပြောပါတယ်။

လက်ရှိအချိန် သံတောင်ကြီးမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်တပ် ကင်းလှည့်ချိန်နဲ့ တပ်ချိန်းတဲ့အချိန်မှာ တိုက်ခိုက်ခံရမှာ ကြောက်တာကြောင့် အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“ ကင်းကတစ်နေ့ ၃ခါလောက်ပတ်တယ်၊ မနက်၊နေ့လည်၊ညပေါ့၊ အဲ့အချိန်တွေမှာ တော်တော်ပစ်တယ်၊ တစ်ချို့ရက်တွေကျတော့ တစ်နေကုန်ကို နာရီဝက်တစ်ခါလောက်ပစ်တယ်၊ တစ်ခါတစ်လေလည်း လေယာဉ်လာတယ်၊” လို့ သူကဆိုပါတယ်။

သံတောင်ကြီးမြို့နယ်မှာ ဧပြီလတစ်လအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ThandaungMupoe

Phar Si Than(People’s Radio Myanmar)