ကော့ကရိတ်မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ရှိ မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ရက်နေ့ကစပြီး စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို စစ်တပ်တပ်စွဲတဲ့ နေရာတွေကိုလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့မကြာခဏတိုက်ခိုက်နေတာပါ။

ကော့ကရိတ်မြို့မရဲစခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။

” မနက်၆ နာရီကျော်လောက်ဘဲရှိဦးမယ်၊အစောကြီးအသံကြားရတာ၊ အသံက အကျယ်ကြီးဘဲ၊ဘာဖြစ်သွားလဲတော့မသိဘူး၊ ၉၇ ကနေတော့ လက်နက်ကြီးနဲ့ပြန်ပစ်ခဲ့တယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အခုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာလည်း ဝင်းကြီးရပ်ကွက်နဲ့ ချောင်းတောင်ရပ်ကွက်တွေဘက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့သလို ညနေပိုင်းမှာလည်း လှိုင်ဝတံတားနားမှာ ည၈နာရီကျော်တဲ့အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သေးတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးဆီက သိရပါတယ်။

သူက” နေ့လည်ပိုင်းကငြိမ်တယ်မြို့ထဲမှာ၊ မနက်ပိုင်းနဲ့ညပိုင်းဘဲ ပစ်ကြတာ၊ စစ်တပ်ထဲမှာ ဒရုန်းနဲ့တိုက်ခံရပြီးတော့ ဝင်းကြီးနားမှာတိုက်ပွဲ ဖြစ်တယ်၊၉နာရီကျော်မှရပ်သွားတယ်၊” လို့ပြောပါတယ်။

အခုလို ဒရုန်းနဲ့တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၂၀ရက်နေ့အတွင်း ကော့ကရိတ်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ အကြိမ် ၃၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)