
မတ်လ ၂၁ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ဖာပွန်မြို့မှာစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAပူးပေါင်းတပ်ဖွဲ့တို့ ဒီနေ့ မတ်လ ၂၁ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲများဆက်လက်ပွားနေ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီနေ့မတ်လ ၂၁ရက်နေ့မနက်ပိုင်းအချိန်မှာတော့ စစ်ကောင်စီတပ်ဘက်မှ ဖုန်းလိုင်းတွေကို ဖြတ်တောက်လိုက်တာကြောင့် တိုက်ပွဲအခြေအနေမှာပိုမိုဆိုးရွားနိုင်သလို KNLAပူးပေါင်းတပ်ဖွဲ့တွေရှိနိုင်မဲ့ နေရာတွေကို စစ်ကောင်စီတပ်ဘက်မှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး တစ်ခါကြဲချရင်လည်း ဒရုန်းဗုံးသီးအလုံး၂၀ထပ်မနည်းကြဲချတိုက်ခိုက်နေတယ်လို့ KNLAသတင်းအရင်းအမြစ်တစ်ဦးကဆိုပါတယ်။
“ဒီနေ့အခြေအနေကတော့ ဖုန်းလိုင်းတွေပါပိတ်ကုန်တယ် အဲ့လိုဆိုတော့နည်းနည်းလေးတော့ အခြေနေပိုလာမယ်ထင်တယ် လေယာဉ်ကတော့ဖာပွန်ကိုကျော်ပြီးဖောထဘက်ကိုဦးတည်သွားတယ် ဖာပွန်ဘက်တစ်ခွင်မှာတော့စစ်ကောင်စီကဒရုန်းနဲ့လာပြီးတော့ကြဲတာတွေရှိတယ်”လို့ဆိုပါတယ်။
ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းနဲ့ မြို့တွင်းတပ်စွဲထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်မှ မကြာခဏဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိသလိုစစ်တပ်ရဲ့ဗျူဟာကုန်းကနေလည်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့်နေပူခံရွာ၊ညောင်ပင်ရွာနဲ့အနောက်ဖက်ကမ်းကျေးရွာဘက်ကိုလက်နက်ကြီးကျရောက် ပေါက်ကွဲနေပြီးဒေသခံထိခိုက်တာမျိုးတော့မရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“၂၀ရက်နေ့ကလည်းတစ်နေကုန်တိုက်ပွဲဖြစ်တယ် အရပ်သားထိခိုက်တာတော့မရှိသေးဘူး ဖုန်းလိုင်းကခဏပဲရတယ်။ ဒီနေ့လည်းတိုက်ပွဲကဆက်ဖြစ်နေတယ် ”လို့သူကပြောပါတယ်။
ဖာပွန်မြို့နယ်မတ်လ ၁၈ရက်နေ့ ကနေ ဒီနေ့၂၁ရက်နေ့အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး မတ်လ၁၉ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ဗျူဟာကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကုလားကိုင်းကျေးရွာမှာကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ကော့ကရိတ်၊ကျိုက်ဒုံ၊သံတောင်ကြီးနဲ့ ဖာပွန်မြို့နယ်တွေဘက်မှာတော့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပေမဲ့ ဘားအံမြို့မှာတော့စစ်တပ်နဲ့KNU/KNLA (PC)၊DKBAအဖွဲ့တို့ချစ်ကြည်ရေးဖလားဘောလုံးပွဲကျင်းပခဲ့ကြောင်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)