
မေလ ၃ ရက်၊ ၂၀၂၄ ခုနှစ်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဖလန်ပင်အုပ်စု၊ ရွာသစ်ကျေးရွာက ပျူစောထီး(ပြည်သူ့စစ်)ခေါင်းဆောင်ကို မေလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၁၀မိနစ်ခန့်မှာ သူ့နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရွာသစ်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်(၅၀)နှစ်မှာ စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ ခြောက်လုံးပြူးတစ်လက်နဲ့ MA1 အရှည်တစ်လက်ကိုင်ဆောင်ထားပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ တော်လှန်ရေးရဲဘော်တွေရဲ့ စခန်းတည်နေရာနဲ့ အချက်အလက်တွေကို ထောက်လှမ်းကာ သတင်းပို့တာမျိုးတွေကိုလုပ်ဆောင်တဲ့အတွက် ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုမှ ကိုဒေဝက People’s Radio Myanmar ကိုပြောပါတယ်။
“ဖလံပင်အုပ်စုနဲ့ ရွာသစ်က ၂ ဖာလုံခန့်ပဲဝေးပါတယ်။ လုပ်တာကတော့ စခ(စစ်ကောင်စီတပ်သား) တွေနဲ့ ပေါင်းပြီး pdf ကိုဖမ်းဖို့ကင်းပုံးစောင့်ပေးတယ်။ တစ်အိမ် နှစ်သောင်းတောင်းတယ် ရွာကလူတွေက မပေးနိုင်ကြတော့ဘူး ” လို့သူကဆိုပါတယ်။
ဦးမြင့်အောင်ဟာ ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းဖို့ လူစုရာမှာ ဖလံပင်က ၂၂ ယောက်လောက် ပါသွားတယ်လို့ ကိုဒေဝက ဖြည့်စွက်ပြောပါတယ်။
အဲဒီ့ပျူစောထီးခေါင်းဆောင်ဟာ ကျေးရွာအတွင်းက လူငယ်တွေကို စစ်ထဲဝင်ဖို့၊ စစ်ထဲဝင်တဲ့အခါကောင်းမွန်စွာနေထိုင်ရမယ်ဆိုတဲ့ စကားတွေပြောပြီး စည်းရုံးတဲ့ အပြင် မရတဲ့အခါ ခြိမ်းခြောက်တာမျိုးတွေလုပ်ဆောင်တယ်လို့လည်း ဒေသခံ အသက် ၅၀ ခန့် အရွယ်အမျိုးသားတစ်ဦးက ဆိုပါတယ်။
“ သူကသတင်းတော်တော်ဆိုးတယ် အုပ်ချုပ်ရေးပိုင်းနဲ့ အဆက်သွယ်တွေလုပ်တယ် စစ်သားတွေ အဝင်အထွက်ရှိတယ် ငွေကြေးလည်း ကောက်တယ် ၂သောင်း ၃ သောင်းမပေးရင်လည်း အဓ္ဓမလုပ်တာ မျိုးတွေလဲ လုပ်တယ်။ မင်းတို့ မဝင်ရင် မင်းတိုမိဘတွေမလွယ်ဘူးလို့” ပြောတယ်လို့ ၎င်းဒေသခံက ဆိုပါတယ်။
ဦးမြင့်အောင်အပါအဝင် အုတ်ဖိုမြို့နယ်က ပျူစောထီးတွေဟာ စစ်မှုထမ်းဖို့ဖိအားပေးတဲ့နေရာမှာ အဓိကပါဝင်နေပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ထားတာအတွက် ဒေသခံပြည်သူတွေအပေါ် လက်နက်အားကိုး အနိုင်ကျင့်တာမျိုးတွေပြုလုပ်တယ်လို့သိရပြီး အခုပစ်ခတ်ခံရတဲ့သူဟာ ကျေးရွာအုပ်စုအတွင်း နာမည်ကြီးပျူစောထီးဖြစ်တယ်လို့ဒေသခံကဆက်ပြောပါတယ်။
အခုကိစ္စဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ရွာသစ်ကျေးရွာအတွင်း ရောက်ရှိကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် ပြည်သူများအနေနဲ့ စစ်မှုထမ်းကိစ္စဖိအားပေးနေတဲ့ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီး၊ ရာအိမ်မှူးများနဲ့ ကင်းရှင်းစွာနေရန်နဲ့ အခုလို ဖိအားပေးတာမျိုးလုပ်ဆောင်နေတဲ့သူတွေကို ပြတ်ပြတ်သားသားချေမှုန်းသွားမယ်လို့လည်း ကိုဒေဝမှ ပြည်သူဆီကို သတင်းပါးကြောင်း ဖြည့်စွက်ပြောကြားပါတယ်။
စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း ပြည်သူတွေကိုဖိအားပေးလုပ်ဆောင်တဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးတွေ၊ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေကရှင်းလင်းခဲ့ရာ ပြည်ခရိုင် ၆ မြို့နယ်တွင် ၆ ဦးခန့်၊ အုတ်ဖိုမြို့နယ်တွင် ၅ ဦးခန့်နဲ့ လက်ပံတန်းမြိုနယ်မှာ ၁ ဦးတို့ပဲဖြစ်ပါတယ်။
သတင်း- Naw Drizzle ပုံ- မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို