
ဇန်နဝါရီလ ၂၇ရက်နေ့၊ ၂၀၂၄ခုနှစ်
ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာနေတဲ့ တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းကျေးရွာအုပ်စုမှာ လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁၀ရက်ကျော်ပြီ ဖြစ်တာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ညောင်ပင်ကွင်းရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီလ ၁၅ရက်နေ့မှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ နေ့ကစပြီး ဇန်နဝါရီလ ၂၇ရက်နေ့အထိ လျှပ်စစ်မီး မရတော့တာဖြစ်တယ်လို့ ညောင်ပင်ကွင်းရွာ ဒေသခံက ဆိုပါတယ်။
“ မီးစက်ရှိတဲ့ အိမ်မှာဆို ဆီစုဝယ်ပြီးနှိုးတယ်။ ပြီးရင် အားဝိုင်းသွင်းကြတယ်။ ဆိုလာရှိတဲ့ အိမ်တွေကလည်း နေမပူတဲ့ရက်ဆို မလုံလောက်ဘူး။ ဆီးကကလည်း ဈေးကြီးတော့ အမြဲတမ်းမဝယ်နိုင်ဘူး” လို့သူက အခုလို ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရွာတွေက ညောင်ပင်ကွင်း (အရှေ့ကမ်းရွာ) နဲ့ ညောင်ပင်ကွင်း (အနောက်ကမ်းရွာ) တို့ဖြစ်ပြီး အဲ့ဒီရွာတွေက လျှပ်စစ်ပေးဝေဖို့ လုပ်ပိုင်ခွင့်ရထားတဲ့ ဖိုးသီးချိုမီးလင်းရေး ( PTC) ကနေ လျှပ်စစ်မီးကို ဝယ်ယူသုံးစွဲနေရတာ ဖြစ်ပါတယ်။
အခုလို လျှပ်စစ်မီးပြတ်တောက်တာဟာ ညောင်ပင်ကွင်းရွာမှာ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတာ၊ ဆီဝယ်ယူရခက်ခဲတာနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ ညောင်ပင်ကွင်းရွာဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ညောင်ပင်ကွင်းရွာ အမျိုးသားက “ ကျနော်တို့ဆီမှာက စားသောက်ကုန်တွေရော၊ ဆီဈေးတွေရော အရမ်းဈေးကြီးတယ်လေ။ သယ်ရတာလည်း ခက်ခဲတယ်။ ဆိုင်တွေကလည်း ပိတ်ထားတယ်။ တိုက်ပွဲကလည်း ဖြစ်နေတော့ ဝန်ထမ်းတွေအနေနဲ့ ညဘက် သွားလာရ ခက်ခဲတယ်” လို့သူက အခုလို ပြောပြပါတယ်။
ညောင်ပင်ကွင်းရွာကို လျှပ်စစ်မီးဖြတ်တောက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဖိုးသီးချိုမီးလင်းရေးကို ကျမတို့ People’s Radio Myanmar အနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားခြင်းမရှိပါဘူး။
အဆိုပါကျေးရွာတွေကို အရင်က မနက် ၈နာရီကနေ နေ့လည် ၁၂နာရီထိ၊ ညနေ ၅နာရီကနေ ည ၁၀နာအထိ မီးပေးခဲ့တယ်လို့ သိရပါတယ်။ ညောင်ပင်ကွင်းကျေးရွာမှာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဆက်သွယ်ရေးလိုင်းတွေလည်း မရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်ကလည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုမှာ လျှပ်စစ်မီးဖြတ်တောက်ခံခဲရပေမယ့် အခုတကြိမ်လောက် ရက်မကြာခဲ့ဘူးလို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)