စစ်ကောင်စီတပ်က ကျုံဒိုးမြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ဆက်တိုက်ရမ်းသမ်းပစ်ခတ်နေ

ဇန်နဝါရီလ ၂၆ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီးတစ်ဝိုက်ကို  စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဇန်နဝါရီလ ၂၅ရက်နေ့ ည ၉ နာရီလောက်က စစ်တပ်လက်အောက်ခံ ခမရ ၅၄၅၊ ၅၄၆ တပ်ကနေ ကျုံဒိုးမြို့အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ကမ်းနီ၊ ​ချောင်းဖျားနဲ့ကော့ဝါလဲကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာဖြစ်ပြီး လူထိခိုက်တွေမရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

” လက်နက်ကြီးကတော့ မကြာမကြာပစ်နေပါတယ်၊ အဓိကကတော့ ၅၄၅ ကနေပစ်တာများတယ်၊ ညတုန်းကလည်း ၉ နာရီလောက်က နေစပစ်တာ၊ တော်တော်ကြာတယ်၊ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တာ၊ တိုက်ပွဲမဖြစ်ဘူး၊ ညကတော့ပစ်တာ လူထိတာမကြားမိဘူး၊” လို့ ကျုံဒိုးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကျုံဒိုးမြို့အနီးတစ်ဝိုက်ရှိ ကမ်းနီ၊ချောင်းဖျား၊ နွားခြံကုန်း၊နဘူးနဲ့ ကော့ဝါလဲကျေးရွာဘက်တွေမှာ ကော့ကရိတ်မြို့က စစ်​ဘေးရှောင်တွေရှိနေသလို နေထိုင်ရေးနဲ့ စားရေးသောက်ရေးတွေမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ကော့ကရိတ်မြို့စစ်ဘေးရှောင်တွေက ပြောပါတယ်။

“နေတာကတော့ ကိုယ့်အမျိုးနဲ့ နေရရင်တော့ အဆင်ပြေတာပေါ့၊ ကိုယ့်အမျိုးနဲ့မနေရရင်တော့အဆင်မပြေဘူးပေါ့နော်၊ အခုက အသိအိမ်တွေမှာ ကပ်နေကြတဲ့လူတွေလည်းရှိတယ်၊ တစ်ချို့ကတော့နဘူးဘက်မှာသွားနေကြတယ်၊ စားရေးသောက်ရေးကျ​တော့ အခက်အခဲဖြစ်တာပေါ့၊နေရတာကတော့ အသိအိမ်တွေမှာနေကြတော့ သိပ်အခက်အခဲမရှိပါဘူး၊”  လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခလရ ၉၇ ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို ၂၅ရက်နေ့ မနက် ၁၁ နာရီလောက်ကလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမှတ် ၇ ရပ်ကွက်ရှိ ဒေသခံနေအိမ် ၂ လုံး ထပ်မံမီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ” ဒီမနက် အစောကြီးထဲက လက်နက်ကြီးတွေနဲ့ပစ်နေတာ၊ ၉၇ ကနေ၊ဆက်တိုက်ပစ်နေတယ်၊ မနေ့ကလည်း လက်နက်ကြီးလည်းပစ်တယ်၊ ဒရုန်းနဲ့လည်း လာချကြတယ်၊ အမှတ် ၇ ကအိမ်၂လုံးပါသွားတယ်၊ ဒရုန်းနဲ့ချပြီး မီးလောင်သွားတာ၊” လို့ပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုပ်ပွဲ ဖြစ်ပွားတာမှာ ၂ လနီးပါးကြာမြင့်နေပြီး စစ်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတာတွေ စစ်တပ်သတင်းပေးသူတွေရဲ့ မီးရှို့ဖျက်ဆီးတာတွေ​ကြောင့် ဒေသခံနေအိမ်တွေ မကြာခဏမီးလောင်ပျက်စီးနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေက ပြောပါတယ်။

“လက်ရှိမှာတော့ ကျွန်တော်တို့ဆီမှာ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတယ်၊ ဒီကော့ကရိတ်မြောက်ပိုင်းမှာကတော့ တံတားကျိုးသိမ်းပြီးထဲကငြိမ်နေတယ်၊ တောင်ဘက်ပိုင်းနဲ့ ဒီမြို့ထဲနေရာတွေမှာတော့ ထိတွေ့တိုက်ပွဲတွေနေ့တိုင်းဖြစ်နေတယ်၊ ပြီးတော့ လက်နက်ကြီးပစ်တာတွေလည်း နေ့တိုင်းရှိနေတယ်၊ အိမ်တွေလည်းမကြာခဏ မီးလောင်နေတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကရင်ပြည်နယ်ထဲက ကော့ကရိတ်နဲ့ ကျုံဒိုးမြို့အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေဆက်လက်တင်းမာနေသလို ဇန်နဝါရီလ ၇ရက်နေ့ကလည်း စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ဝါလဲကျေးရွာထဲက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအက သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than(People’s Radio Myanmar)