
ဖေဖော်ဝါရီလ ၈ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
ကင်းရှေ့ရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ အင်အား ၅၀ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက စော်ဖျားရွာဘက်ကို စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့အချိန် ဖေဖော်ဝါရီလ ၈ရက်နေ့၊ မနက် ၉နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲတယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ ဖြစ်တာက ရွာထိပ်က ဆီဆိုင်အနီးမှာဖြစ်တာ။ စော်ဖျားဘက်ကို စစ်ကြောင်းဝင်ပြီး စော်ဖျားစခန်းကို ပြန်ယူမဲ့ သဘောရှိတယ်” လို့ သူက အခုလိုပြောပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မနက် ၉နာရီခွဲကနေ နေ့လည် ၁၁နာရီလောက်ထိဖြစ်ပွားခဲ့ပြီး ရောင်းမော်ရွာထဲရှိ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်က ဆက်ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်တွေဘက်က ၁၀ကျော်ထိခိုက် သေဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ရဲဘော်ဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု အသံတွေကြောင့် ကင်းရှေ့ရွာက ဒေသခံ ၃ဦး ထိတ်လန့်ပြီး မူးမေ့လဲတာကြောင့် ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ကင်းရှေ့ရွာဒေသခံက ဆိုပါတယ်။
“ လက်နက်ကြီးက ၁၂နာရီလောက်ထိကို ပစ်နေတာ။ တိုက်ပွဲက ထပ်ဖြစ်ဖို့အနေအထားမှာ ရှိနေတယ်။ ရွာကလူတွေကတော့ စစ်ရှောင်ကုန်ကြပြီ” လို့ သူက ပြောပြပါတယ်။
အခုလက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေက အင်အားထပ်ဖြည့်ထားပြီး စော်ဖျားရွာစာသင်ကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖေဖော်ဝါရီလ ၄ရက်နေ့ကလည်း ကင်းရှေ့ရွာမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)