ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာတွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရ

ဇန်နဝါရီလ ၉ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာအနီးတစ်ဝိုက်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားတာမှာ တစ်လကျော်ကြာပြီဖြစ်ပြီး စစ်တပ်တပ်စွဲရာနေရာတွေ ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏဗုံးသီးချတိုက်ခိုက်လေ့ရှိပါတယ်။

ဇန်နဝါရီလ ၈ရက်နေ့ ည ၇ နာရီလောက်က စစ်တပ်တပ်စွဲရာနေရာတွေဖြစ်တဲ့ ချောင်းတောင်၊ဝင်းကြီးနဲ့ ကော့ကရိတ်မြို့မရဲစခန်းအနီးတစ်ဝိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံခဲ့ရတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

” မနေ့ကတိုက်ပွဲမဖြစ်ဘူး၊ ငြိမ်နေတယ်၊ တစ်နေကုန်ပဲ၊ ရှေ့တစ်ရက်ကဖြစ်ပြီးတော့ မနေ့ကတစ်နေ့လုံးလည်းငြိမ်နေတာ၊ ၇ နာရီလောက်ကတော့ မြို့ထဲကို ဒရုန်းနဲ့ လာချတာတွေကြားရတယ်၊ ပြီးတော့ပြန်ငြိမ်သွားတာဘဲ၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဗုံးသီးချတိုက်ခိုက်တာနဲ့ပတ်သတ်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။

အခုလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီး ကော့ကရိတ်မြို့ထဲမှာ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေ ၅ မိနစ်လောက်ကြားခဲ့ရပြီးနောက် ပြန်လည်ငြိမ်သက်သွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ပေါက်ကွဲသံကြားတယ်၊မြို့ထဲကို ဒရုန်းလာတယ် ၂စီး၊ ပြီးတော့ အသံတွေကြားရတာဘဲ၊ ဝင်းကြီးတို့ ချောင်းတောင်တို့ဘက်ခြမ်းမှာ၊ ပြီးတော့ သေနတ်သံတွေကော ၉၇ က လက်နက်ကြီးသံတွေကောကြားရတယ်၊ ပြီးတော့ ငြိမ်သွားတယ်၊ တစ်ညလုံးဘာသံမှမကြားရတော့ဘူး၊” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း ကော့ကရိတ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်တပ်တပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ အကြိမ် ၃၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဇန်နဝါရီလ ၉ ရက်နေ့အထိ ၁ လကျော် တိုက်ပွဲဖြစ်ပွားတာမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးခဲ့သလို ဒေသခံ ၂သောင်းဝန်းကျင်ဟာလည်း စစ်ဘေးလွတ်ရာ မြဝတီ၊ ဘားအံနဲ့ မော်လမြိုင်မြို့တွေဘက်ကို အခုလက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than (People’s Radio Myanmar)