
မေလ ၂၀ရက်နေ့၊ ၂၀၂၄ခုနစ်
တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုရွာရှိ ရမ်းဖိုဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆီကနေသိရပါတယ်။
မေလ ၁၇ရက်နေ့ကတည်းက တနင်္သာရီမြို့ဘက်မှ ခြေလျင်လာတဲ့ အင်အား ၂၅ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရမ်းဖိုဘုန်းကြီးထဲ တပ်စွဲထားတာဖြစ်ပြီး မေလ ၁၉ရက်နေ့၊ ညနေ ၅နာရီ ၃၇မိနစ်လောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၅မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ ကျနော်တို့က အဲ့ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတာကို မသိလိုက်ဘူး။ ကျနော့်အဖွဲ့က ရဲဘော်တစ်ယောက် ကင်းထောက်သွားရင်း အဖမ်းခံလိုက်ရတော့ ကျနော်တို့က အနောက်လိုက်ပြီး ဝင်ပစ်တာ” လို့သူက အခုလိုပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်သား ၂ဦး သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့တာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဖမ်းဆီးခံရတဲ့ ရဲဘော်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ ကျနော်ဘက်က ထိခိုက်ဒဏ်ရာတော့မရဘူး။ ကျနော်တို့ တိုက်ပွဲထဲမှာ ၂ယောက်လဲကျသွားတဲ့အထဲ တစ်ယောက်က ပွဲချင်းပြီးသွားတယ်။ နောက်တစ်ယောက်ကိုက ထမ်းစင်နဲ့ သယ်သွားတုန်း လမ်းမှာ သေသွားတယ်လို့ ပြောတယ်” လို့သူက ပြောပြပါတယ်။
ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း ရမ်းဖိုဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဘက်က ၄၀မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ မေလ ၁၇ရက်နေ့ကတည်းက အောက်ကင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဇဝဲတပ်ရင်းကနေ တစ်ဆင့် မြိတ်တပ်ရင်းကို ပြန်တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလက်ရှိ အဲ့ဒီစစ်ကြောင်းဟာ ရမ်းဖိုဘုန်းကြီးကျောင်းထဲမှာ ဆက်လက်တပ်စွဲထားတယ်လို့ သိရပါတယ်။
ရမ်းဖိုကျေးရွာနားမှာလဲ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ လကတည်းက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လဲ သိရပါတယ် ။
ပြီးခဲတဲ့ ဧပြီလကတည်းက တနင်္သာရီမြို့နယ်မှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေပြီး မေလ ၁၃ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကြောင်းကို ဘန်ကြုပ်ရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။်
သတင်း-နော်အယ်နီး
ပုံ-တနင်္သာရီမြို့နယ်
Phar Si Than (People’s Radio Myanmar)