ထားဝယ် အရှေ့တောဒေသကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်တွေဘက်က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီလ ၁၇ရက်နေ့ကတည်းက အရှေ့တောနယ်ဒေသကို အင်အား ၃၀၀ပါ စစ်ကား ၁၇စီးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ နေ့လည် ၁နာရီ ၄၀မိနစ်လောက်မှာတော့ အရှေ့တောနယ်ရှိ ဝကုန်းရွာကို စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်နဲ့ ဗုံးသီး၁၀လုံးလောက် ကြဲချတိုက်ခဲ့ပြီး စက်လက်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ အရှေ့တောနယ်အတွင်း နေထိုင်တဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။

“ လေယာဉ်ပေါ်က ဗုံးကြဲချတာ တစ်လုံးပြီးတစ်လုံးဘဲ့။ မိနစ် ၃၀လောက်ပစ်ပြီးမှ ပြန်သွားတာ။ ဘဝပင်ရွာက လူတွေလည်း မနည်း ပြေးလိုက်ရတယ်။ ဝကုန်းကလူတွေတော့ ဘယ်လို နေမလဲမသိဘူး” လို့ သူက အခုလို ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်က ညနေ ၃နာရီခွဲကျော်လောက်ကနေ ညနေ ၄နာရီလောက် အထိ Mi-2 ရဟတ်ယာဉ်နဲ့ နောက်တစ်ကြိမ် ထပ်မံလာရောက် ဗုံးကြဲသွားသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိ၊မရှိကိုတော့ မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ တော်လှန်ရေးတပ် ရဲဘော်တစ်ဦးက ပြောပါတယ်။

“ ဝကုန်းဘက်ကို ဖုန်းလိုင်းတွေဖြတ်ထားတော့ ဆက်သွယ်လို့ မရသေးဘူး။ လူကိုယ်တိုင်သွားဖို့ကလည်း စစ်ကြောင်းက ရှိနေတယ်” လို့ သူကပြောပြပါတယ်။

တနင်္သာရီတိုင်းထဲရှိ ထားဝယ်၊ ပုလော၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေကို စစ်ကောင်စီတပ်က ၂၀၂၄ခုနစ်အစ နှစ်လအတွင်း လေကြောင်းကနေ တိုက်ခိုက်တာ ၆ကြိမ် ရှိပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေ အရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- စစ်ကောင်စီတပ်ရဲ့ Mi-2ရဟတ်ယာဉ်

Phar Si Than (People’s Radio Myanmar)