ကော့ကရိတ်မြို့ ဇိနသုခကျောင်းရှေ့မှာရှိတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

နိုဝင်ဘာလ ၈ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ ဇိနသုခကျောင်းရှေ့မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

​နိုဝင်ဘာလ ၇ရက်နေ့ ညနေ ၅ နာရီလောက်က ဇိနသုခကျောင်းရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်ကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အခုလို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

” ကော့ကရိတ်အဝင်ဝက ဘုရားရှေ့က ဂိတ်ဗုံးချခံထိတာ၊ သူတို့လူတွေ ထိသွားတယ်ကြားတယ်၊ သေချာတော့မသိရ​သေးဘူး၊ အဲ့ဒါပြီးတော့ ၉၇ ကနေလက်နက်ကြီးတွေနဲ့ပစ်တယ်၊ ညကလည်း ၈နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ​ကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ မြို့တော်ဦးရပ်ကွက်ထဲရှိ အိမ်ခြေ ၆၀ ကျော်က ဒေသခံ ၅၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတဲ့အပြင် စစ်ကောက်စီတပ်ကလည်း အစစ်အဆေးတွေ တင်းကြပ်ထားတယ်လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆို​ပါတယ်။

” အခုသူတို့အသင့်အနေအထားမှာရှိနေတယ်၊ မြို့တော်ဦးမှာ pdfတွေရောက်နေတာ မနေ့က သတင်းရလို့၊ သူတို့ ကင်းအရမ်းကျပ်နေတာ၊ ခရင်းကုန်းက စကတွေကလည်း ကင်းအရမ်းကျပ်နေတယ်၊ အခုအဲ့နားက ဟာတွေအကုန်ပြောင်းတာ ၃ ရက်ရှိပြီး၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေ​အပြင်းအထန်ဖြစ်ပွားနေတဲ့ ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာရှိတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဟာ ကော့ကရိတ်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီး တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်၊ကျုံဒိုး၊ကြာအင်းဆိပ်ကြီး၊ဖာပွန်၊သံတောင်နဲ့ ဘုရားသုံးဆူမြို့တွေမှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီတပ်ဂိတ်တွေနဲ့ စစ်ကောင်စီတပ်ယာဥ်တန်းတွေ မကြာခန ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံနေရတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်နေ့နဲ့ ၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့ ခလရ (၉၇) အနားရှိစစ်ကောင်စီတပ် ကင်းတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)