
စက်တာဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ ရဲစခန်းဝန်းအတွင်းနေထိုင်နေကြတဲ့ ရဲမိသားစုဝင်တွေဟာ ရဲစခန်းဝင်းအတွင်း မနေထိုင်ရဲကြတော့ပဲ မြဝတီမြို့ထဲက အသိဆွေမျိုးတွေရှိရာ နေအိမ်တွေမှာ သွားရောက်နေထိုင် နေကြတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံမှသိရပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းအချိန် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ ထွေအုပ်ရုံး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းဝန်းအတွင်နေထိုင်နေကြတဲ့ ရဲမိသားစုဝင်တွေဟာ မနက်ပိုင်း စခန်းအတွင်းကနေအိမ်တွေမှာ ထမင်းဟင်းချက်ပြုတ်ပြီးနောက် မြဝတီမြို့ထဲက အသိမိတ်ဆွေတွေရဲ့နေအိမ်တွေမှာ သွားရောက်နေထိုင်ကြတယ်လို့ ရဲစခန်းဝင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“စခန်းထဲကမိသားစုတွေ အပြင်မှာ မနက်ပိုင်းတစ်ချက်ပဲပြန်ပြီးချက်ပြုတ်စားကြတယ် ပြီးရင်အပြင်ကို ပါဆယ်ထုတ်သွားကြတယ် အပြင်မှာပဲထွက်နေတယ် အိမ်ငှားပြီးနေကြတာမျိုးတော့မဟုတ်ဘူး အမျိုးတွေအိမ်အသိမှာပဲနေကြတာ” လို့ သူကပြောပါတယ်။
အခုလိုရဲဝန်ထမ်းတွေရဲ့မိသားစုတွေက မြဝတီမြို့ထဲမှာရှိတဲ့ အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေအိမ်မှာသွားလာနေထိုင်လို့ရပေမဲ့ စစ်ကောင်စီလက်အောက်ခံရဲဝန်ထမ်းတွေကိုတော့ စည်းကမ်းတင်းကြပ် ထားသလို အသွားအလာတွေလည်းကန့်သတ်ထားတယ်လို့ သူကဆက်ပြောပါတယ်။
“သူတို့ကအပြင်မထွက်နဲ့ ဘာမထွက်နဲ့ အမိန်ထုတ်တယ် အမိန့်ထုတ်လည်း ရဲသားသမီးနဲ့ ရဲမိန်းမတွေကတော့ထွက်တာပဲ ရဲပဲထွက်မရတာ အခုကတော့ရဲမိသားစုတွေပဲပေါ့အပြင်မှာ ရဲတွေတော့မပါဘူး” လို့ သူကပြောပါတယ်။
မြဝတီမြို့က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုဝင်အပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ ဌာနဆိုင်ရာရုံးအနီးနေထိုင်သူတွေပါ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင် ပေးကြဖို့ Federal Wings ဒရုန်းအဖွဲ့မှထုတ်ပြန်ထားပါသေးတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာ ဇူလိုင်လ၊ သြဂုတ်လနဲ့ အခု စက်တင်ဘာလအထိ မြို့နယ် တော်တော်များများမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီစစ်ကြောင်း ယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတွေဆက်ရှိနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေကဆိုပါတယ်။
မြဝတီမြို့ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ရဲ့ ထိပ်ပိုင်းအရာရှိတွေအပါအဝင် ၆ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း မြဝတီမြို့ခရိုင်ပြည်သူ့ဆေးရုံ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ဆေးရုံထဲက အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)