စစ်ဆေးဖို့လာခေါ်တာကို ပြန်လည်ခုခံတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ စစ်မှုထမ်းဟောင်း(၂) ဦး ပစ်သတ်ခံရလို့သေဆုံး  

ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်

 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ပင်အင်းရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ သူရဲ့သား ( စစ်မှု့ထမ်းဟောင်း) ၂ ဦးကို ကာကွယ်ရေးတပ်ဖွဲ့‌တွေက စစ်ဆေးမေးမြန်းဖို့ လာရောက်ခေါ်ဆောင်တာကို ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDFတပ်ရင်းကထုတ်ပြန် ထားပါတယ်။

ဧပြီလ ၂ ရက်နေ့ ည ၈ နာရီ‌လောက်မှာ အုပ်ချုပ်ရေးမှူးဦးတင်တွေးနဲ့  သားဖြစ်သူ (အငြိမ်းစား) တပ်ကြပ်ကြီးကျော်သူစိုးတို့ကို စစ်ဆေးဖို့ခေါ်ဆောင်လာစဉ် သဖန်းကိုင်းရွာဆည်ကြီးကုန်းအရှေ့ဘက် သရက်ချောင်းလမ်းအရောက်မှာ ဆိုင်ကယ်အားဆွဲလဲပြီး ထွက်ပြေးရန်လုပ်ဆောင်ခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ စစ်ဆေးဖို့ သွားခေါ်တာပါ လမ်းမှာဆိုင်ကယ်ကိုဆွဲလှဲပြီး ခုခံပြီး ထွက်ပြေးဖို့လုပ်လို့ လမ်းတင်ရှင်းလင်းခဲ့ရတာ ဆိုင်ကယ်တော့လဲသွားတာပေါ့ ကျွန်တော်တို့ဘက်ကတော့ ပွန်းပဲ့ထိခိုက်လောက်ပဲရှိပါတယ်” လို့  ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက People’s Radio Myanmar ကို ပြောပါတယ်။

သူတို့သားဖ (၂) ဦးဟာ ရပ်ကွပ်အတွင်းလူငယ်‌တွေကို စစ်မှုထမ်းဖို့အတွက် လိုက်လံစုဆောင်း‌‌ပေးတာမျိုး‌တွေ ပြုလုပ်‌သလို၊ ကာကွယ်ရေးစခန်းတွေရှိရာ နေရာကိုလဲ သတင်းပေးနေတာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့လဲ ဆိုပါတယ်။

စစ်မှုထမ်းဖို့အတွက် မဲစာရင်းနှိုက်တဲ့အချိန်မှာလဲ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်နဲ့ ဆွေမျိုးတွေမပါဝင်ဘူးလို့လည်း ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“သူ့တူသူ့သားတွေ မပါဘူး ကျန်တဲ့လူငယ်တွေအကုန်ပါတယ် မဲပေါက်ပြီးလို့ ထွက်ပြေးရင် အိမ်မှာကျန်နေတဲ့ မိသားစုဝင်တွေကိုဖမ်းမယ် အိမ်နဲ့ ပိုင်ဆိုင်မှုတွေသိမ်းမယ်လို့ ပြောတယ်ဗျ”  လို့ ပြောပါတယ်။

ဦးတင်ထွေး နဲ့ သူရဲ့သား ကျော်သူစိုးတို့ကိုပစ်ခတ်ရှင်းလင်းစဉ် သူတို့ဆီကနေ မှတ်ပုံတင်တစ်ခု၊ စစ်မှု့ထမ်းဟောင်းအဖွဲ့ဝင်ကတ်ပြားတစ်ခု၊ ဆိုင်ကယ်တစ်စီး၊လက်ကိုင်ဖုန်း(၂)လုံးတိုကိုသိမ်းဆည်းရရှိခဲ့ပါတယ်။

သူတို့ ၂ ဦးရဲ့ရုပ်အလောင်းကိုတော့ ဒီနေ့မနက်အချိန်အထိ လာ‌ရောက်သယ်ယူခြင်းမရှိသေးဘူးလို့လဲ ဆိုပါတယ်။

နောက်ထပ်ကျန်ရှိနေသေးတဲ့ အုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးများ ၊ဆယ်အိမ်မှူးများ၊ ရပ်/ကျေးထွေအုပ်စာရေးများနှင့် ပျူစောထီးများကိုလဲ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ရေးသားထားပါသေးတယ်။

 

သတင်း- Naw Drizzle

ပုံ- ပေးပို့