[videopress eBDny0mK]
ဖေဖော်ဝါရီလ ၆ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၅ လုံး ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီလ ၅ရက်နေ့ မနက်ပိုင်းလောက်ကစပြီး ခလရ ၉၇ အနီးတစ်ဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အခုလို တိုက်ပွဲ ဖြစ်ပွားပြီး ညနေ ၅နာရီကျော်လောက်မှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းကြီးရပ်ကွက်ရှိ နေအိမ် ၅ လုံးထပ်မံမီးလောင်ပျက်စီးခဲ့ကာ ည၉နာရီကျော်တဲ့အထိ မီးဆက်လောင်ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
“ကော့ကရိတ်က အခြေနေမကောင်းဘူး၊ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရောပစ်တယ်၊ မြို့ထဲကို လူတွေပေးမဝင်တော့ဘူး၊ ပိတ်ထားတယ်၊ မီးကတော့ အမတို့အိမ်နားမှာလောင်တယ်၊ ၅ လုံးပါသွားတယ်၊ လက်နက်ကြီးကျတာ၊ ည၉ နာရီကျော်တဲ့အထိ မီးလောင်နေတုန်း၊” လို့မြို့ခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း စစ်တပ်ရဲ့ ခလရ ၉၇ တပ်ရင်းကနေ ကော့ကရိတ်မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို မြို့ပေါ်မှာလည်း လေယာဥ်ပျံ ပျံဝဲခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” တိုက်ပွဲကတော့ မနက်ထဲကဖြစ်တယ်၊ ၉၇ ကနေလည်း တောက်လျှောက်ပစ်တယ်၊ လက်နက်ကြီးကို ၊မြို့ပေါ်မှာလည်း လေယာဥ်လာတယ်၊ အပေါ်မှာဝဲနေတယ်၊ ဗုံးတော့မကြဲခဲ့ဘူး၊” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၂လကျော်ကြာမြင့်နေပြီး မြို့အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ တောင်ကြာအင်း၊ မြောက်ကြာအင်း၊ အံဖကြီး၊ အံဖလေး၊ ကော့နွဲ့နဲ့ အာရှလမ်းတွေဘက်ကို လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်တာတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
” အခုလက်ရှိ စစ်တပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်တာတွေကို ဆက်တိုက်လုပ်နေပါတယ်ဗျ၊ တစ်ခါတစ်လေကျရင်လည်း ဒရုန်းနဲ့ ဝင်းကြီးတို့၊ချောင်းတောင်တို့ တံတားဦးတို့ဘက်ကို လာဝဲပြီး ကြဲတာတွေရှိနေပါတယ်၊ လက်ရှိတိုက်ပွဲအခြေအနေကတော့ တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပါ၊ စစ်တပ်ကလည်း သူတို့တပ်စွဲတဲ့နေရာတွေကို ကပ်လိုမရအောင် လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်နေသလို ကျွန်တော်တို့အဖွဲ့တွေကလည်း ထိုးစစ်ဆင်ဖို့တောက်လျှောက်ပြုလုပ်နေကြပါတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)