တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကော့ကရိတ်မြို့ထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲ

နိုဝင်ဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကလက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က နိုဝင်ဘာလ အစပိုင်းလောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေတာပါ။

ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် ၃ နာရီလောက်ကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြို့တော်ဦး ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲ ခဲ့ပြီး လူထိခိုက်တာတွေ မရှိခဲ့ဘူး ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

” ဒီနေ့မနက်က သုံးနာရီကျော်လောက်ကျတာ၊ မြို့တော်ဦးထဲကို ကျတာ၊ လူတော့မထိဘူး၊ လက်နက်ကြီး ကရမ်းပစ်နေကြတာ၊ (၉၇) ကဘဲပစ်တာ၊ မနက်ကလည်း ပစ််တယ်၊ တိုက်ပွဲမဖြစ်ဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝင်းကြီးရပ်ကွက်ရှိ ခရင်းဘုန်းကြီးကျောင်း ရှေ့နဲ့ လယ်ကွင်းထဲတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

” လက်နက်ကြီးက ဆက်တိုက်ထုနေတာ၊ ခရင်းဘုန်းကြီးကျောင်းရှေ့ ခရင်းဘုန်းကြီးကျောင်းနားရှေ့က ဒေါ်သီတာ အိမ်ရှေ့မှာ တစ်လုံးကျတယ်၊ လယ်ကွင်းနားထဲမှာ သုံးလုံးကျတယ်၊ ညဘက်ကျတော့လည်း ထပ်ပစ်တယ် (၉၇) ကဘဲ၊” လို့ ကော့ကရိတ်မြို့ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခမရ (၉၇) တပ်ရင်းနဲ့ လှိုင်ဝအမြောက်ကုန်းကနေ တံတားဦး၊ချောင်းတောင်၊ ကမိုင်ကုန်းနဲ့ ကော့နွဲ့ကျေးရွာဘက်တွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တယ်လို့KNLA သတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။

ကရင်ပြည်နယ်တွင်းမှာ ဘားအံနဲ့ လှိုင်းဘွဲမြို့နယ်မှ အပ ကျန် (၅) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ဒေသခံပြည်သူ (၅၀) ရာခိုင်နှုန်းကျော်ဟာ အခြားတိုက်ပွဲလွတ်ရာ မြို့တွေနဲ့ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (Peoole’s Radio Myanmar)