ထားဝယ်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို စစ်တပ်က အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်

ဧပြီလ ၅ရက်နေ့၊ ၂၀၂၄ခုနှစ်

 

စစ်ကောင်စီတပ်သားတွေက ထားဝယ်ထောင်ထဲကနေ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်လိုက်တယ်လို့ အကျဉ်းသား မိသားစုဝင်တွေ ဆီကနေ သိရပါတယ်။

 

ထားဝယ်အကျဉ်းထောင်ထဲကို စစ်ကောင်စီအဖွဲ့တွေက မတ်လ ဒုတိယအပတ်မှာ ဝင်ရောက်စစ်ဆေးပြီး မတ်လ ၁၇ရက်နေ့မှာတော့ ခေါင်းစွပ်အမဲစွပ်ပြီး ထောင်အပြင်သို့ ခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။

 

ထောင်ပြင်ကို ခေါ်ထုတ်ခံရတဲ့သူတွေက နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုမင်းသူ(ခေါ်)မော်လဝီ ရှက်မင်းနဲ့ ကိုဝင်းသီဟတို့ ဖြစ်ပါတယ်။

 

အဲ့ဒီနောက်မှာတော့ မိသားစုဝင်တွေက ကိုမင်းသူအကြောင်းကို စုံစမ်းတဲ့အချိန်မှာတော့ သေဆုံးသွားဖြစ်တာကို သိရှိခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။

 

“ ထောင်ဝင်စာသွားပို့တဲ့အချိန်မှာ မင်းသူမရှိတော့ဘူးဆိုပြီးပြောတယ်။ အလောင်းကိုလည်း မမြင်ရဘူး။ ဘယ်လိုလုပ်လိုက်လဲဆိုတာ မသိရဘူး” လို့ သူက အခုလိုပြောပါတယ်။

 

ကိုမင်းသူဟာ အသက်၂၅နှစ်အရွယ်ရှိတဲ့ ဘာသာရေးဆရာတစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ် အာဏာသိမ်းနောက်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

 

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် (၁၀)နှစ် ကျခံနေရသူ ဖြစ်ကာ ကျန်းမာရေး မကောင်းသူတစ်ယောက်လည်း ဖြစ်တယ်လို့ မိသားစုဝင်က ဆက်ပြောပါတယ်။

 

ထောင်အပြင်ကို ခေါ်ထုတ်ခံသွားရတဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟ သေဆုံးသွားတယ်ဆိုတာကို မတ်လ ၂၃ရက်နေ့မှာ မိသားစုဝင်တွေက အကျဉ်းထောင်ကို သွားရောက်မေးမြန်းချိန် ထောင်ပိုင်တွေက အတည်ပြုပြောဆိုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အသက် ၃၀အရွယ်ရှိတဲ့ ကိုဝင်းသီဟဟာ အကြမ်းဖက် ပုဒ်မနဲ့ ထောင်ဒဏ် (၇)နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးအတွက် မိသားစုဝင်တွေက ကိုးကွယ်ရာ ဘာသာအလိုက် အလှူလုပ်ပေးတာတွေကိုလည်း လုပ်ဆောင်ပြီးသွားပြီ လို့ မိသားစုဝင်တွေ ပြောပြချက်အရ သိရပါတယ်။

 

ထားဝယ်ထောင်ထဲမှာ အကျဉ်းသားတွေကို အပြင်ခေါ်ထုတ်ပြီး စစ်ဆေးတာနဲ့ နှိပ်စက်တွေရှိခဲ့ပေမယ့် အခုလို အလောင်းဖျောက်သတ်ဖြတ်တာက ပထမဆုံးကြိမ် ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

သတင်း−နော်အယ်နီး

ပုံ− သတ်ဖြတ်ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦး

Phar Si Than (People’s Radio Myanmar)