[videopress IKnmBBsQ]
မတ်လ ၁၂ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာရှို့မီးတွေကြောင့် မြို့တွင်းရှိ ရပ်ကွက်က နေအိမ်အလုံး၂၀ဝန်းကျင် ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မတ်လ ၁၁ရက်နေ့ ညနေ၄နာရီဝန်းကျင်အချိန်မှာ စစ်တပ်သတင်းပေးသူတွေ၊ ပစ္စည်းခိုးယူသူတွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် အမှတ်၆ ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ နေအိမ်တွေမီးလောင်ခဲ့ကာ ည၁၀ ဝန်းကျင်အချိန်ထိကို မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီးနေအိမ် အလုံး ၂၀ ဝန်းကျင်လောက်ပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့ခံမျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးကပြောပါတယ်။
“မီးလောင်တာတွေကရှို့မီးတွေပါ လောင်တဲ့အချိန်က ၄ခွဲလောက်ကျမယ် ထိပ်တန်းလွင်ဖုန်းဆိုင်တန်းပါ ထင်ရသလောက်ကတော့ တိုက်ပွဲသံမကြားရပဲ မီးလောင်တာဆိုတော့ရှို့မီးပဲများတယ် ဒီမနက်ကတော့ မီးငြိမ်းသွားပြီမီးအကျန်တွေတော့ရှိနေတုန်းပဲ အိမ်ကတော့ ၁၆၊ ၁၇ ဝန်းကျင်လောက်ပါသွားတယ်”လို့ သူကပြောပါတယ်။
ကော့ကရိတ်မြို့တွင်းမှာလည်းKNLAပူးပေါင်းတပ်ဖွဲ့တို့ အထိုင်ချတဲ့နေရာတွေကို စစ်ကောင်စီတပ်ဘက်မှ မကြာခဏ စစ်ကြောင်းထိုးကာနှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားနေသလို စစ်ကောင်စီတပ်ဘက်မှလည်း ထိခိုက်သေဆုံးတာတွေများပြားလာတာကြောင့် ဒရုန်းနဲ့လက်နက်ကြီးတွေကိုပိုပြီးအသုံးများလာတယ်လို့ KNLAသတင်းအရင်းမြစ်တစ်ဦးကဆိုပါတယ်။
“အထိနာနေတာ စခတွေတော်တော်များများသေကြတယ် သူတို့ဘက်က စစ်ကြောင်းထိုးတက်ဖို့ ညတိုင်းတိုးတယ် ညတိုင်းအရှေ့မှာရဲဘော်တွေကပစ်တာပဲ သူတို့်တက်လာသမျှ ပြန်ဆုတ်သွားကြတာနေ့တိုင်း သူတို့ဘက်လက်နက်ကြီးဒရုန်းအားကိုပြီးလာတာ ကိုယ့်ဘက်ကလည်း ထိုခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိကြပါတယ်” လို့ သူကဆိုပါတယ်။
ဒါ့အပြင်ကော့ကရိတ်မြို့တွင်းညတိုင်းနီးပါး လက်နက်ငယ်သံများ ကြားနေရပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇တပ်ရင်းနဲ့ လှိုင်ဝအမြှောက်ကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို မတ်လ ၁၁ရက်နေ့ ညပိုင်းအချိန်မှာတော့ ချောင်းတောင်ရပ်ကွက်အတွင်း မီးလောင်ကျွမ်းခဲ့ပေမဲ့ သွားရောက်ကြည့်ရှုလို့ မရတာကြောင့် အိမ်ခြေအရေအတွက်ကိုတော့ အတိအကျမသိရှိရသေးဘူးလို့ မြို့တွင်းကျန်းရှိနေသူတွေက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ၄လဝန်းကျင်တိုက်ပွဲအတွင်း စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာ ၊ရှို့မီးတွေကြောင့် နေအိမ် ၄၀၀ ကျော်မီးလောင်ပျက်စီးခဲ့သလို ဒေသခံ ၂၀၀၀၀ ဝန်းကျင်မှာလည်း စစ်ဘေးလွတ်ရာ မြဝတီမြို့၊ ဘားအံမြို့၊မော်လမြိုင်မြို့နဲ့ ဘေးလွတ်ရာကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရကာ နေထိုင်စားသောက်ရေးအတွက်အခက်အခဲတွေလည်းရင်ဆိုင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ရုပ်သံ – Cj
Phar Si Than (People’s Radio Myanmar)