
အောက်တိုဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေတွေလည်းတိုးလာတာကြောင့် တစ်မြို့လုံးနီးပါး ရေနစ်မြုတ်တဲ့အပြင် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာပါ ရေဝင်ရောက်နေတယ်လို့ ပဲခူးမြို့ဒေသခံတွေထံမှသိရပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းကာ မြစ်ရေတွေလည်း တက်လာတာကြောင့် တစ်မြို့လုံးနီးပါးမှာရေနစ်မြုပ်နေပြီး ဒေသခံတွေမှာလည်း နေထိုင်စားသောက်ရေး အတွက် အခက်အခဲတွေရှိနေသလို ရေဘေးစင်တာအဖြစ်ဖွင့်လှစ်ထားတဲ့ ရွှေနံ့သာဘုန်းကြီး ကျောင်းမှာလည်း ရေဝင်ရောက်လာနေတယ်လို့ ပဲခူးမြို့ရှိ ပုဏ္ဏားစုရပ်ကွက်က အမျိုးသားတစ်ဦးက ပြောပါတယ်။
“မြို့လယ်ခေါင် က လမ်းမတွေပါရေတွေမြုပ်နေပြီ အဓိက မြို့လယ်ခေါင်ရေကြီးတာ အခုတစ်ခေါက်ပဲ မြင်တွေ့ရတာ အခုဘုန်ကြီးကျောင်းမှာနေရတာ အခက်အခဲတော့ရှိတာပေါ့ ပစ္စည်းတွေသိမ်းဆည်ရတာ အချိန်မရလိုက်ဘူး လူပဲအဓိက ဘုန်းကြီးကျောင်းကိုပြောင်းရွေ့ရတာ ရွှေနံ့သာ ဘုန်းကြီးကျောင်းက ရေဘေးစခန်းပါရေတွေမြုပ်နေတယ်” လို့ သူကပြောပါတယ်။
နောက်ထပ် စျေးပိုင်းရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း “တစ်ခါမှရေမကြီးတဲ့ အစ်မတို့နေတဲ့ မြို့လယ်ခေါင်တောင် ရေတွေနဲ့ ရေတွေကရင်ခေါင်းလောက်ရှိတယ် အိမ်ကအထပ်က ၃ ထပ်လေ အပေါ်ဆုံးမှာနေနေရတယ် ဘယ်မှသွားလာလို့မရဘူး အခုကစားစရာတွေဝယ်လို့မရဘူး မီးကလည်း မနေ့ကတည်းကပျက်နေတာ ဝယ်ထားတဲ့ ကော်ဖီတွေ၊ မုန့်တွေအသီးတွေပဲ စားနေရတာပေါ့” လို့ သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာလည်း ပဲခူးမြို့တွင်း ရေတဖြည်းဖြည်းတက်လာကာ ရပ်ကွက်တစ်ချို့ကပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ၊ ဒေသခံပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် စက်လှေတွေလည်း လိုအပ်မှုရှိသလို ရေဘေးသင့်ပြည်သူတစ်သောင်းဝန်းကျင်အတွက်လည်း အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ အနှိုင်းမဲ့မေတ္တာအခမဲ့သွေးလှူရှင်များအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ပဲခူးမှာ ၃၄ ရပ်ကွက်လောက်ရှိတယ် ၂၅ ရပ်ကွင်လောက်က ရေတွေပြည့်နေတယ် အခုရေကဆက် တက်နေတယ် အာရှလမ်းတွေမှာဆို ခါးကျော် တစ်ချို့လမ်းတွေမှာဆို ခေါင်းပဲပေါ်တော့တယ် လက်ရှိမှာ ရေဘေးအတွက် ဘာတွေလိုလည်းဆိုတော့ လူမှုကယ်ဆယ်ရေးနေရာမှာသုံးဖို့ ရှပ်ပြေးတွေလိုတယ် ဒုက္ခရောက်နေတဲ့ သူတွေအတွက် စားဝတ်နေရေးအတွက်လိုအပ်တယ် အခုက လူနာတွေ သက်ကြီးရွယ်အိုတွေ ကလေးတွေကယ်ဖို့ဆို လှေတွေ၊ ရှပ်ပြေးယာဥ်တွေရှိမှရမှာလေ”လို့ သူကပြောပါတယ်။
ဒါ့အပြင် ပဲခူးမြို့မှာ MPT ဖုန်းလိုင်း၊ အင်တာနက်လိုင်းတစ်ချို့မှာလည်း ပျက်တောက်နေသလို အောက်တိုဘာလ ၈ ရက်နေ့ကနေစပြီး လျှပ်စစ်မီးတွေလည်းဖြတ်တောက်ထားတယ်လို့ဆိုပါတယ်။
ပဲခူးမြို့တွင်းရှိ ရွှေနံ့သာဘုန်းကြီးကျောင်း၊ ပညာမွန်ပရဟိတ ဘုန်းတော်ကြီးပညာသင်ကျောင်းအပါဝင် ရေဘေးလွတ်ရာနေရာတွေမှာရှိတဲ့ ဘုန်းကြီးတွေနဲ့ အရင်တုန်းက ကိုဗစ်စင်တာအဖြစ် ဖွင့်လှစ်ခဲ့တဲ့ နေရာပေါင်း ၂၂ နေရာလောက်မှာ ရေဘေးသင့်ပြည်သူတွေကိုထားရှိတယ်လို့သိရပါတယ်။
အခုလိုရေကြီးရေလျှံတာတွေ ရေတိုက်စားမှုတွေကြောင့် ပဲခူးမြို့ရှောင်လမ်းရဲ့ ကုက္ကိုလ်တန်းအနီးမှာ လမ်းပိုင်းပြိုကျပျက်စီးခဲ့သလို ပဲခူးမြို့ ၃ မိုင်နဲ့ ၄မိုင်အကွာမှာရှိတဲ့ မဇင်းဆည်၊ အလိုင်နီဆည်နဲ့ ဇောင်းထူဆည်တို့ကနေလည်း ဆည်ရေတွေဖောက်ချနေတာကြောင့် အခုလိုရေမြင့်တက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
၂၀၂၃ ခုနှစ်အတွင်း ပဲခူးမြို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်တာဟာ ၄ ကြိမ်မြောက်ရှိနေပြီဖြစ်ပြီး ပဲခူးမြို့လယ်ခေါင်မှာ ဒီနှစ်အတွင်း စံချိန်တင်ရေနစ်မြုပ်မှုအခြေအနေကိုတော့ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးတာဖြစ်တယ်လို့ ပဲခူးမြို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)