
မတ်လ ၁၃ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွား နေတာပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ သုံးရက်ဆက်တိုက်ရှိပြီ ဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။
မတ်လ ၁၂ရက်နေ့၊ မနက် ၁၀လောက်မှာ အရှေ့တောဒေသရှိ သဗြုချောင်းရွာ ၊ ပျဉ်းသားတောရွာတွေဘက်ကို စစ်ကောင်စီရဲ့ K8W တိုက်လေယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာအပြင် စက်လက်နက်တွေနဲ့ပါ ပစ်ခတ်သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ သူတို့လာကြဲတဲ့အချိန်က အရှေ့တောမှာ တိုက်ပွဲဖြစ်နေတာ မရှိဘူး။ သီးသန့်ကို လာပြီးကြဲသွားတာ။ ပျဉ်းသားတောဘက်မှာ ပေါက်ကွဲသံတွေကြားတာ ဆက်တိုက်ဘဲ့” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီနောက် တနေ့တည်းမှာဘဲ့ ညနေ ၃နာရီလောက်မှာတော့ ထားဝယ်မြို့နယ်ရှိ မြေးခံဘော်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ပေါ်ကနေ စက်လက်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်က “၁၁နာရီလောက်ကလည်း မေတ္တာမြို့ဘက်ကို လာကြဲသေးတယ်။ အဲ့မှာတော့ တိုက်ပွဲက ဖြစ်နေကြတယ်” လို့သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့ကတည်းက အရှေ့တောဒေသမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတော်လှန်ရေးတပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိအနာများတာကြောင့် လေကြောင်းကနေ အဆက်မပြတ်ပစ်ကူပေးနေတာ ဖြစ်ပါတယ်။
တစ်လနီးပါးကြာမြင့်ပြီ ဖြစ်တဲ့ အရှေ့တောဒေသတိုက်ပွဲမှာ စစ်ကောစီတပ်သားတွေ ထိခိုက်သေဆုံးမှုများသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်နေတာ ၁၅ကြိမ်ထက်မနည်း ရှိပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)