မင်းသားရွာက ပျူစောထီးတပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ကာကွယ်ရေးတပ်သား ၁ ဦးကျဆုံး

[videopress 2p6CZ20r]

မတ်လ ၂၅ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မင်းသားရွာရှိ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေရဲ့ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်‌တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ Kanbauk Defense Forceတပ်ဖွဲ့ဆီက သိရပါတယ်။

မတ်လ ၂၃ရက်နေ့၊ မနက် ၅နာရီခွဲလောက်မှာ မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးအင်အား ၇၀ကျော်လောက်ရှိတဲ့ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၁နာရီနဲ့ မိနစ် ၄၀လောက် ကြာမြင့်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

“ သူတို့က ပြည်သူ့စစ်အနေနဲ့ NLDလက်ထက်ကတည်းကရှိတယ်။အခုနောက်ပိုင်းကတော့ ပျူစောထီးအဖွဲ့အဖြစ်နဲ့ နေတယ်။ ကျနော်ဝင်တဲ့အချိန်မှာ သူတို့ကအရင် လက်ဦးတာ။ သူတို့စပစ်တော့ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တယ်” Kanbauk Defense Forceတပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

အဆိုပါတပ်စခန်းဟာ မောရဝတီရေတပ်ဌာနချုပ်ကို လုံခြုံရေးယူပေးနေတဲ့ စခန်းဖြစ်ပြီး မနက် ၇နာရီခွဲလောက်မှာတော့ စခန်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က တပ်သား ၁၀ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူတွေနဲ့ ကျန်တဲ့ စစ်သားတွေက မောရဝတီရေတပ်ထဲကို ထွက်ပြေးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

“ ၁၀ယောက်သေတာကို ကျနော်တို့ အလောင်းတွေ့တယ်။ ဒီထက်ပိုများချင်များနိုင်တယ်။ ကျနော်တို့က ၁၀လောင်းဘဲတွေ့တယ်။ တချို့တွေက အရပ်သားယောင်ဆောင်ပြီး ပြေးတဲ့သူတွေရှိတယ်” လို့ သူကပြောပြပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားနေချိန်အတွင်း မောရဝတီရေတပ်ဌာနချုပ်နဲ့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ကျဆုံးသူ ၁ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၂ ဦးဟာဒေါနစစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဖြစ်တယ်လို့လဲ သိရပါတယ်။

မင်းသားရွာရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက သုံးဆူရွာ၊ စိန်ပုံရွာတွေမှာ စစ်မှုထမ်းဖို့အတွက် လက်နက်တွေနဲ့ အတင်းအကြပ် ဖိအားပေးတာတွေလုပ်ဆောင်နေပြီး ပြည်သူတွေဆီကနေ မတရားငွေကြေး တောင်းခံတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ Kanbauk Defense Forceက ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးပျောက်ကြားတပ် YGF ဒေါနတပ်ခွဲ(၃)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒေါနတပ်ခွဲ(၄)၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ DDT တပ်ခွဲ ဒေါနတပ်ခွဲ(၇)၊ ရေးသိမ်းငှက်တပ်ဖွဲ့၊ Ye Defense Force YDF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊ Ye Air Force (YRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ထားဝယ်ခရိုင်တပ်ရင်း(၁) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ မင်းသားရွာဘက်ကို မောရဝတီရေတပ်ဌာနချုပ်ကနေ စစ်ကောင်စီတပ်ကား ၆စီး အင်အားအလုံးအရင်းနဲ့ ရောက်ရှိနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ-စခန်းသိမ်းတိုက်ပွဲရုပ်သံ

Phar Si Than (People’s Radio Myanmar)