
ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ ၂၀၂၄ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ ည၇နာရီခွဲလောက်မှာ မြိတ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ အရက်ဘားအနီးက အမှိုက်ပုံမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ပေါက်ကွဲသံက တော်တော်ကျယ်တယ်။ အဝေးကြီးကနေတောင် မြေပါတုန်တယ်။ ကမ်းနားလမ်းဆိုတော့ လူသွားလူလာများတယ်။ ဗုံးက အမှိုက်ပုံကနေ ပေါက်တာ” လို့သူက အခုလိုပြောပါတယ်။
အလားတူ အဲ့ဒီနေ့ တချိန်တည်းမှာဘဲ့ မြိတ်လေယာဉ်ကွင်း(လေတပ်)နဲ့ ဘုံပျံရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူရုံး နေရာတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ကမ်းနားလမ်း ဗုံးပေါက်ကွဲမှုကြောင့် အသက် ၃၇နှစ်အရွယ်ရှိ ကိုဇော်လင်းဦး (ခ) ကိုသားကြီးဟာ ဦးနှောက်မှာ ဗုံးစထိမှန်တာကြောင့် သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
မြိတ်မြို့ဒေသခံတစ်ဦးက “ နောက်ထပ်တစ်ယောက်ကတော့ ဗုံးစထိတဲ့လူကိုကြည့်ပြီး မူးလဲသွားတယ်။ ဆိုင်က ဝန်ထမ်းတွေတစ်ယောက်လည်း ပေါင်မှာထိသွားတယ်လို့ ပြောနေကြပေမဲ့ အတိအကျမသိရသေးဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတယ်” လို့ သူက ပြောပြပါတယ်။
အခုလိုလုပ်ဆောင်ချက်ကိုတော့ ဘယ်က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက်မှာတော့ စစ်ကောင်စီတပ်က ကင်းလှည့်တာနဲ့ သေနတ်နဲ့ ရမ်းသမ်း ပစ်ခတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- ဗုံးစထိမှန်တာကြောင့် သေဆုံးသွားတဲ့ အမျိုးသား
Phar Si Than (People’s Radio Myanmar)