တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီလ ၁၈ရက်နေ့၊ ၂၀၂၄ခုနှစ်

 

စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးနဲ အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီး ကျည်ထိမှန်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၁၅ရက်နေ့၊ မနက် ၆နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားတဲ့အချိန် စစ်ကောင်တပ်ရဲ့ ခမရ (၅၆၁) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် တနင်္သာရီမြို့နယ်ရှိ ညောင်ပင်ကွင်းရွာထဲက နေအိမ်တွေထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ညောင်ပင်ကွင်းရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ၆နာရီထိုးခါနီးမှာ ပစ်သံတွေကြားတယ်။ ပြီးတာနဲ့ ထုံးစံအတိုင်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်တော့တာဘဲ့။ ကျည်တွေက အများဆုံး ကျနော်တို့ ရွာထဲလာကျတယ်”လို့ သူကအခုလိုပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ညောင်ပင်ကွင်းရွာက အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးရဲ့ လက်မောင်းမှာ ကျည်စထိမှန်ခဲ့ပြီး အသက် ၄၀အရွယ်အမျိုးသားမှာတော့ ဝမ်းဗိုက်နဲ့ လက်မှာ ကျည်စထိမှန်ခဲ့တယ်လို့ ညောင်ပင်ကွင်းရွာ ဒေသခံက ဆက်ပြောပါတယ်။

“ တိုက်ပွဲဖြစ်နေတော့ ပြေးကြတယ်လေ။ အဲ့မှာ အဘွားက လက်နက်ကြီးထိတာ။ တစ်ယောက်ကတော့ လက်နက်ကြီးပစ်သံကြားလို့ တံခါးထပိတ်တဲ့အချိန်မှာ ထိသွားတာ။ အခုကတော့ နှစ်ဦးစလုံး ဆေးကုသခွင့်ရပါပြီ” လို့သူက ပြောပြပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာက နေအိမ် ၅လုံးထက်မနည်း ထိခိုက်ပျက်စီး ခဲ့သေးတယ်လို့ သိရပါတယ်။

အခုလက်ရှိ တနင်္သာရီမြို့နယ်မှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်းကနေ ဇန်နဝါရီ ၁၈ရက်နေ့၊ မနက် ၄နာရီအထိ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ဆက်တိုက်ပစ်ခတ်နေခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)