နန်းမားဘူတာတွင် ၃ နှစ်ကျော်ကြာ ရပ်ထားတဲ့ ခရီးသည်တင် မီးရထားတွဲများ မီးလောင်ပျက်စီး

မတ် ၂၂ ၊ ၂၀၂၄ခုနှစ်

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မန္တလေး- မြစ်ကြီးနား မီးရထားလမ်း၊  နန်းမားဘူတာတွင် ၃ နှစ်ကျော်ကြာ ရပ်နားထားတဲ့  ခရီးသည်တင် မီးရထားတွဲများ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ‌ေတွဆီက သိရပါတယ်။

မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင်  ရပ်နားထားတဲ့ မီးရထားတွဲများ စတင်မီးလောင်ခဲ့ပြီး တစ်ညလုံးနီးပါးမီးငြိမ်းလိုက်ရတယ်လို့ ဆိုပါတယ်။

” မီးရထား တိုင်းအမှတ် ၁  နန်းမားဘူတာ ရထားက မပြေးဆွဲဘဲရပ်ထားတာကြာပီ ၃ နှစ်ရှိရော့မယ်။ ‌ရပ်ထားတဲ့ တွဲဆိုင်းတွေက ဒီတိုင်း လောင်တာလို့ပြောတယ် ၊ ၃ တွဲလောက်ရှိမယ် ” လို့ နန်းမားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မီးလောင်သွားတဲ့အထဲမှာ ရိုးရိုးတန်းနှစ်တွဲ နဲ့ အထက်တန်းတစ်တွဲ စုစုပေါင်းသုံးတွဲ မီးလောင်ပျက်စီးသွားခဲ့တယ်လို့လဲသိရပါတယ်။

မီးရထားတွဲများ မီးလောင်မှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်း ၊ မီးလောင်သွားတဲ့ အဆိုပါမီးရထားတွဲများမှာ အသုံးမပြုဘဲ ရပ်နားထားသည်မှာ ကြာမြင့်ပြီဖြစ်သလို  မူးယစ်ဆေးဝါးသုံးစွဲသူများ ဝင်ရောက်နေထိုင် လေ့ရှိတယ်လို့ အဆိုပါအမျိုးသမီးကဆက်ပြောပါတယ်။

” မသုံးတာကြာတော့ ဆေးသမားခိုးပြီးနေတယ်လေ၊ ပေါ့ဆမီးထင်တာပဲ ၊ အကုန်တော့မလောင်ဘူး ဖြုတ်ချလိုက်နိုင်တယ်”လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်းများက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး မြစ်ကြီးနား – မန္တလေးရထားလမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် မီးရထားပြေးဆွဲခြင်းမရှိဘဲ ရပ်နားထားသည်မှာ သုံးနှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား – မိုးကောင်း ခေါက်ပြန်ခရီးစဉ်တစ်ခုသာ ပြေးဆွဲပြီး ထိုခရီးစဉ်မှာလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ပြန်လည်စတင်ပြေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။

 

သတင်း – Tiffany Suu

ဓါတ်ပုံ – Mail