ဘုရားသုံးဆူမြို့မှာ အပစ်ရပ်DKBAအဖွဲ့မှ ညမထွက်ရအမိန့်ထုတ်ပြန်

ဇန်နဝါရီလ ၁၆ရက်၊ ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့မှာအပစ်ရပ်DKBAအဖွဲ့မှ ညမထွက်ရအမိန့်ထုတ်ပြန် ကြေငြာပြီးနောက် သတ်မှတ်ထားတဲ့အချိန်ထပ်ကျော်လွန်ပြီးသွားလာတဲ့သူတွေလည်း ဖမ်းဆီးပြီး ဒဏ်ကြေးဆောင်ခိုင်းတာမျိုးတွေလည်းရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါ တယ်။

ဇန်နဝါရီလ ၁၃ရက်နေ့မှာ  အပစ်ရပ်DKBAအဖွဲ့မှ ည၁၀နာရီကနေ မနက်၅နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီးနောက် သတ်မှတ်ချိန်ကျော်လွန်သူတွေကိုဖမ်းဆီးကာ ဒဏ်ကြေးအဖြစ် ထိုင်းငွေ၅၀၀ ကျပ်သတ်မှတ်ထားပေမဲ့အချိန်ကျော်လွန်ပြီးသွာလာတဲ့သူအများအပြားရှိတာကြောင့် ဒဏ်ကြေးအဖြစ်ထိုင်းဘတ်ငွေ၂၀၀၀ထိသတ်မှတ်လိုက်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့အမိန့်ထုတ်ထားတယ်ည၁၀နာရီကနေ မနက်၅နာရီထိအပြင်မထွက်ရ ထွက်ရင်တော့ ဖမ်းတယ်၊ ဒဏ်ငွေဆောင်ရတယ်ဟို့တစ်နေ့ကဆိုသူများတွေလည်းထိတယ်ပထမတုန်းက တော့၅၀၀ပဲ ၅၀၀ကိုလူတွေကနားမထောင်လို့ဆိုပြီးတော့၂၀၀၀ ဖြစ်သွားပြီဒဏ်ကြေးက ကြားတာကတော့တစ်ယောက်ပဲကြားသေးတယ်  တစ်ခြားလူတွေလည်းထိချင်ထိမှာပေါ့ သိတာတော့တစ်ယောက်ပဲ”လို့သူကပြောပါတယ်။

ဒါ့အပြင်ဇန်နဝါရီလ အစပိုင်းလောက်ကနေစပြီး ဘုရားသုံးဆူမြို့တွင်းမှာရှိတဲ့ ရပ်ကွက်၄ ၊ နှင်းဆီလမ်း၊ မိန်းလမ်းမကြီးနဲ့ ရပ်ကွက်အတွင်းမှာရှိတဲ့ လမ်းကြားတွေမှာပါ အပစ်ရပ် DKBAအဖွဲ့နဲ့ စစ်တပ်လက်အောက်ခံBGFတစ်ချို့လမ်းသွားလမ်းလာပြည်သူတွေကိုစစ်ဆေးတာတွေပြုလုပ်နေ ကြတယ်လို့ အရပ်သားပြည်သူတွေကဆိုပါတယ်။

“ညမထွက်ရအမိန့်ထုတ်တာကတော့ DKBA၊ စစ်တာကတော့BGFကောပါတယ်၊ DKBAပဲလေ သူတို့စစ်တာ BGFကတော့နည်းနည်းပါပဲအဓိက မိန်းကတော့ DKBAပေါ့  မြို့ထဲမှာသူတို့က DKBAပဲလိုက်စစ်တာ”လို့ အမျိုးသားတစ်ဦးကပြောပါတယ်။

နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ဂိတ်ကတော့သူတို့ကတိုးချဲ့လာသလိုမျိုးပဲ လမ်းမကြီးမှာကောသူတို့စောင့်တယ်၊နှင်းဆီလမ်းထဲမှာကောသူတို့ဂိတ်ချထားတယ် နှင်းဆီလမ်းထဲမှာဆို ဂိတ်ကနှစ်ခုတောင်မှ လမ်းစုံလမ်းဂွတွေမှာဆိုလည်းသူတို့စောင့်တယ် ဆိုင်ကယ်တွေစစ်တယ်၊ အိတ်တွေဖွင့်ပြီးတော့စစ်ခိုင်းတယ်သူတို့အဲ့လိုစစ်နေတာကတော့ ၁၀ရက်၁၅ရက်လောက်ရှိပြီ စစ်တာကတော့”လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေတုန်းကလည်းစစ်တပ်လက်အောက်ခံဌာနဆိုင်ရာ ရုံးတွေအနီးမကြာခဏပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့နဲ့ BGFတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူ ၂ဦးလောက်မှာလည်း ပစ်ခတ်ရှင်းလင်းခံခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်အာဏာသိမ်ပြီးနောက် ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ ဘားအံ၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာစစ်တပ်ကညမထွက်အမိန့်ထုတ်ပြန်လိုက်ပေမဲ့  BGFတပ်ဖွဲ့တွေဘက်က ကျင်းပပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ လောင်ကစားဝိုင်းတွေနဲ့ KTVသွားလာတဲ့သူတွေကိုတော့ ဖမ်းဆီးတာမျိုးမရှိဘူးလို့ ဒေသခံတွေရဲ့ပြောစကားအရသိရပါတယ်။

 

သတင်း – နော်ဖူးဖူး

ပုံ – Cj

Phar Si Than (People’s Radio Myanmar )