
မတ်လ ၁၆ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မတ်လ ၁၅ရက်နေ့၊ နေ့လည် ၁၂နာရီဝန်းကျင်အချိန်မှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာ၂စီးနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနန်းကွင်းကျေးရွာအတွင်းက အသက်၂၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦး လည်ပင်းဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ကျေးရွာသားတွေနဲ့နီးစပ်သူအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အနန်းကွင်းကတစ်ယောက်သေတယ် အသက်၂၀ အမျိုးသမီး လည်ပင်းမှာအစမှန်တာ သူတို့က ခွေးကျင့်ခွေးကြံကြံတာ အဲ့ရွာကလူတွေတော့ရှောင်နေတာပဲ အဲ့ဒီကလေးမသူ့အိမ်မှာ ဆေးပြန်လာယူတဲ့ အချိန်ထိတာ ထိတာကတော့သူ့အိမ်မှာပဲ”လို့သူကပြောပါတယ်။
ဒါ့အပြင် မတ်လ ၁၅ရက်ကနေ့ နေ့လည် ၂နာရီ ဝန်းကျင်အချိန်လောက်မှာတော့ တံခွန်တိုင်ကျေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများကြားရသလို နေ့လည်၁၂နာရီ ဝန်းကျင်အချိန်မှာတော့ စစ်တပ်ရဲ့ဂျက်ဖိုက်တာနဲ့လာရောက်ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ သံပုရာကျေးရွာကဒေသခံတစ်ချို့မှာလည်း ကျောက်ဘီလူးကျေးရွာဘက်ကို လာရောက်တိမ်းရှောင်တာမျိုးရှိတယ်လို့ ပုလိန်ကျေးရွာနေ အမျိုးသမီးတစ်ဦးကဆိုသည်။
“လေယာဉ်နဲ့ဗုံးကြဲတာကအနန်းကွင်းဘက် လူတစ်ယောက်သေတယ် ဖြစ်တာကရွာနဲ့တော့ နည်းနည်းဝေးတယ် ကျောက်ဘီလူးဘက်မှာတော့သံပုရာရွာကလာရှောင်တာရှိတယ် သံပုရာကလည်းအနန်းကွင်းဘက်ပဲ ရှောင်ကြတာတော့ဒီနေ့မှရှောင်ကြတာ ဒီနေ့လာတာဂျက်ထင်တယ် အသံပဲကြားရတယ် အနန်းကွင်းမှာလည်း ညကတော့ငြိမ်နေတယ်တဲ့ ရွာထဲတော့ မပြေးပြန်လာကြဘူးတံတခွန်တိုင်ဘက်လည်း လက်နက်ကြီးသံ ၅ချက်၆ချက်လောက်ကြားသေးတယ် ၁နာရီ၅၀လောက်က’’လို့သူကဆိုပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်ဘက်မှလေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လွှတ်ရှမ်း ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံနဲ့ ဆွမ်းစားဆောင်ထိခိုက်ပျက်စီးခဲ့သလို၊ သစ်ကတိုက်ကျေးရွာမှာလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ အတိအကျမသိရှိရသေးဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
မတ်လ ၅ရက်နေ့ညနေ့ပိုင်းတုန်းကလည်း တိုက်ပွဲဖြစ်ပွားတာတွေမရှိ အနန်းကွင်းကျေးရွာဘက်ကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီးအခုအချိန်ထိ ကရင်ပြည်နယ်ထဲက မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် နဲ့ ကော့ကရိတ်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်းဆက်ရှိနေတယ်လို့ KNLAသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)