[videopress X4lY6r86]
ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာရှိ ကမ္ဘောဇဆီအုန်းကုမ္ပဏီအရှေ့မှာ ခရီးသွားတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေသိရပါတယ်။
ဒီဇင်ဘာလ ၁၂ရက်နေ့၊ မနက် ၉နာရီခွဲလောက်မှာ စစ်ကောင်စီဗျူဟာကုန်းနဲ့ မလှမ်းမကမ်းရှိ ကမ္ဘောဇဆီအုန်းကုမ္ပဏီအရှေ့မှာ စစ်ဆေးမှုပြုလုပ်နေတဲ့အချိန် ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“သူတို့က ဂိတ်ချပြီး စစ်တာမဟုတ်တော့ အင်အားအတိအကျမပြောတတ်ဘူး။ ကျနော်တို့ဘက်က ခရီးသည်တွေမရှိတဲ့အချိန်ကို စောင့်ပြီးပစ်တာပါ။ အဲ့တာကြောင့် ပြည်သူထိခိုက်မှုတော့မရှိဘူး” လို့သူက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဝင်ရောက်ပစ်ခတ်တဲ့အချိန် စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု မိနစ်၃၀လောက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်တွေဘက်က ၂ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို အမြဲတမ်းလိုလို စစ်ဆေးမှုပြုလုပ်လေ့ရှိပြီး ဆက်ကြေးကောက်ခံတဲ့အချိန်လည်း ရှိသလို ဆက်ကြေးမကောက်တဲ့အချိန်တွေလည်း ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ သူတို့က စစ်ဆေးပြီး ပိုက်ဆံတောင်းတဲ့အချိန်တွေလည်းရှိတယ်။ ဘယ်လောက်ပေးရမယ်ဆိုတာမျိုးတော့ မသတ်မှတ်ထားဘူး။ မထင်ရင်မထင်သလိုတောင်းတာ။ တခါတလေတော့ စစ်ဆေးတာဘဲ့လုပ်တယ်” လို့သူကအခုလိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးချိန်မှာတော့ ဒီဇင်ဘာလ ၉ရက်နေ့၊ နေ့လည်ပိုင်းအထိ ကမလိုင်းရွာအခြေစိုက် ခမရ (၅၅၈)တပ်ရင်းနဲ့ ရေဖြူဗျူဟာကုန်းတွေကနေ ရေဖြူကျေးရွာ၊ ချောင်းလမုရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ လုပ်ဆောင်ချက်ကို KTLA-tcjf၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနဲ့ People Liberation Armay (PLA) တိုက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- SBA
Phar Si Than (People’s Radio Myanmar)