ကော့ကရိတ်မြို့မှာ စစ်တပ်က  ဒရုန်း နဲ့  မီးလောင်ဗုံးကြဲချခဲ့တာကြောင့်နေအိမ် ၁၀ လုံး ထပ်မံမီးလောင်ပျက်စီး

မတ်လ ၂၁ရက် ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ချောင်းတောင်ရပ်ကွက်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်တာကြောင့် နေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၂၀ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်က ချောင်းတောင်အောက်စုရပ်ကွက်ကို စစ်တပ်လက်အောက်ခံ စကခ ၁၂ ကနေ ဒရုန်းနဲ့မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးနီပါး မီးလောင်ပျက်စီးခဲ့ပြီ ညနေ ၄ နာရီကျော်လောက်မှာ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ သူတို့ကြဲလိုက်တဲ့ ဗုံးကနေ မီးလောင်တာပါ၊ လက်နက်ကြီးပစ်လို့လည်း မဟုတ်ဘူး၊ ရှို့မီးကြောင့်လည်းမဟုတ်ဘူး၊ ဒရုန်းနဲ့ကြဲလို့ မီးလောင်တာပါ ” လို့ကော့ကရိတ် ဒေသခံတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ စစ်တပ်သတင်းပေးတွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ချောင်တောင်၊ တံတားဦး၊ ဝင်းကြီးနဲ့ ကြာအင်းကုန်းရပ်ကွက်ထဲက ဒေသခံနေအိမ် အလုံး ၄၀၀ ကျော် မီးလောင်ပျက်စီးနေပြီး ဖြစ်ပါတယ်။

ဒါ့အပြင်  မတ်လ ၁၈ရက်နေ့ ည၁၁နာရီနဲ့ မတ်လ ၁၉ ရက် မနက် ၅ နာရီ ကလည်း စစ်တပ်က Y12 လေယာဉ်နဲ့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တွေ ရှိနိုင်မဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့လဲ နဂါးဖြူစစ်ကြောင်းက ကိုဂျပန်ကြီးက ပြောပါတယ်။

“ အခုထိတော့ ညတိုင်း နေ့တိုင်း သူပစ် ကိုယ်ပစ်ဆော်နေကြတုန်းပါ၊ ကျွန်တော်တို့ရှိမယ်ထင်တဲ့ နေရာတော်တော်များများကို ဗုံးကြဲချသွားပါတယ်၊ လူထိခိုက်မှုတော့မရှိဘူး” လို့ သူကပြောပါတယ်။

လက်ရှိ ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ဖာပွန်၊ သံတောင်ကြီးနဲ့ ကျိုက်ဒုံမြို့ဘက်တွေမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ရက်ဆက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)