
နိုဝင်ဘာလ ၁၆၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွတံတားနဲ့ အနီးအနားကျေးရွာတွေမှာ နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ၆ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်နှစ်ဦးအပါအဝင် (၂၂)ဦးသေဆုံးခဲ့ပြီး (၂၈)ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFကသတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ (၁၀)ရက်နေ့မှာ KNLAပူးပေါင်းတပ်ဖွဲ့တွေကချောင်းနှစ်ခွရဲစခန်းနဲ့တံတားကိုတိုက် ခိုက်ခဲ့ကြပြီး နိုဝင်ဘာလ (၁၁)ရက်နေ့ကနေ(၁၅)ရက်နေ့ထိကို စစ်ကူလာတဲ့ တပ်မ(၂၂)လက်အောက်ခံ ခလရ −(၈၁)စစ်ကြောင်းနဲ့ ဖက်ထေးကုန်းကျေးရွာဘက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အခုအချိန်ထိကိုလည်းနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ချောင်းနှစ်ခွတံတားကိုလည်း KNLAပူးပေါင်းတပ်ဖွဲ့ဆက်လက်ပိတ်ဆို့ထားတယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOFမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“အခုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းက တပ်မ(၂၂)လက်အောက်ခံ ခလရ(၈၁) စစ်ကြောင်းပေါ့ စုစုပေါင်းခလရ(၈၁)ကစုစုပေါင်း(၅၄)ဦးအဲ့ဒီမှားဗိုလ်မှူးတစ်းဦးပါတယ်ဒုဗိုလ်ဗိုလ်ကြီးတွေပေါ့နော်(၃)ဦး တစ်ဦးကတော့လွတ်သွားတယ်ပေါ့တိုက်ပွဲကတော့အခုထိဖြစ်နေတုန်းပဲပေါ့သူတို့ဘက် ကလည်းတောင်ကလေးရဲစခန်းကနေလက်နက်ကြီးနဲ့ရွာတွေရောအိမ်တွေရောလမ်းတွေရောဘာသာရေးအဆောက်အအုံတွေရော အကုန်လုံးကို (၁၂၀)မမနဲ့နေ့ရောညရောပစ်နေတာပေါ့နော်လေ ယာဉ်တွေလည်နေ့တိုင်းလာပစ်နေတဲ့အခါကျတော့လမ်းပိုင်းကလုံးခြုံမှုမရှိတဲ့အတွက်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကတော့ဖွင့်တော့မပေးသေးဘူး”လို့သူကပြောပါတယ်။
ချောင်းနှစ်ခွတံတားနဲ့ အနီးအနားကျေးရွာတွေမှာ အခုလိုစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာ၊လက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်ချောင်းနှစ်ခွ၊ဖက်တေးကုန်း၊မရမ်းကုန်း၊သရက်ကုန်းနဲ့ ဘုရားကုန်းကျေးရွာကဒေသခံ(၄၀၀၀)ဝန်းကျင်လောက်ဟာ မုဒုံမြို့ ၊ကျိုက်မရောမြို့နဲ့ အနီးအနားကျေးရွာတွေမှာသွားရောက်နေထိုင်နေကြသလို စစ်ဘေးပြည်သူတွေအတွက်လည်း အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေလိုအပ်နေပြီး ဖျားသူတွေလည်းရှိတယ်လို့ ဒေသတွင်းစစ်ရှောင်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်လို့စစ်ရှောင်ရတဲ့ရွာတွေက ချောင်းနှစ်ခွ၊ဖက်တေးကုန်း ၊မရမ်းကုန်း ရယ်သရက်ကုန်းရယ် ဒီဘက်ဆိုဘုရားကုန်ပေါ့ရွာပေါင်း၅ရွာ၆ရွာလောက်ကအနည်ဆုံးစစ်ရှောင်နေရတာပေါ့ရွာလုံးကျွတ်စစ်ဘေးရှောင်တွေအများဆုံးနေတာက ဘေးနားကရွာတွေမုဒုံဘက်တို့ကျိုက်မရောဘက်တို့် တစ်ချို့ကျတော့လည်း အဆင်ပြေတဲ့နေရာတွေပေါ့ အခုလောလောဆယ်တော့ စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့ရိက္ခာတွေကိုစုတယ် တစ်ချိုု့တွေကဖျားနေတယ် စားနပ်ရိက္ခာတွေဘာတွေလည်းလိုတာပေါ့”လို့ သူကပြောပါတယ်။
ဒီနေ့နိုဝင်ဘာလ(၁၆)ရက်နေ့မနက်၁၀နာရီဝန်းကျင်အချိန်တုန်းကလည်း တောင်ကလေးရဲစခန်းကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ကအနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ကျေးရွာသားတစ်ဦးကပြောပါတယ်။
ချောင်းနှစ်ခွကျေးရွာအနီး(၆)ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်ပေါလောကျေးရွာက ကလေးငယ်(၂)ဦးသေဆုံးခဲ့တဲ့အပြင် ကျေးရွာတွင်းနေထိုင်သူ(၃)ဦးမှာလည်းလက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး နေအိမ်(၇)လုံးထပ်မနည်းမီးလောင်ပျက်စီခဲ့တယ်လို့ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)