ဘားအံမြို့မှာ လောင်စာဆီပြတ်လတ်တာတွေဖြစ်ပေါ်နေပြီး လောက်စာဆီကို အကန့်အသတ်နဲ့ ဝယ်ယူနေရ

နိုဝင်ဘာလ ၁၇ရက်၊ ၂၀၂၃ ခုနှစ်

 

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ လောင်စာဆီပြတ်လတ်တာတွေ ဖြစ်ပေါ်နေပြီး ကား၊ ဆိုင်ကယ်တွေအနေနဲ့ လောင်စာဆီတွေကို အကန့်အသတ်နဲ့ ဝယ်ယူနေရတယ်လို့ ဘားအံမြို့ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းလောက်ကစပြီး ဘားအံမြို့နယ်ထဲမှာရှိတဲ့ Danko ဓာတ်ဆီဆိုင်၊ ရတနာမြေဓာတ်ဆီဆိုင်၊ ချောဆုဓာတ်ဆီဆိုင်အပါအဝင် ဆီဆိုင် (၁၀) ဆိုင်ကျော်မှာ ကားတစ်ဆီးကို ဓာတဆီ (၂၀၀၀၀)ကျပ် ဖိုးနဲ့ သုံးဘီးဆိုင်ကယ်တွေကို (၅၀၀၀) ကျပ်ဖိုးသာ အကန့်အသတ်နဲ့ ရောင်းချပေးနေတယ်လို့ ဘားအံမြို့ဒေသခံတွေက ပြောပါတယ်။

” ကားတွေကတော့ dankoတို့၊ချောစုတို့ဘက်မှာ သွားထည့်ရင် နှစ်သောင်းဖိုးဘဲ ထည့်လို့ရတာ၊ မနေ့ကလည်း Nan Hpa-An မောင်းတဲ့ ဦးလေးကြီးသွားထည့်တာလဲ (၅၀၀၀) ဖိုးဘဲရမယ်တဲ့၊ပိုမရဘူးတဲ့၊ မနေ့ညနေက danko မှာ ဆီပြတ်သွားပြီး မရှိတော့ဘူး၊” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို လောင်စာဆီပြတ်လတ်တာတွေ ဖြသ်ပေါ်နေတာကြောင့် ရပ်ကွပ်တွေထဲမှာ ဓာတ်ဆီရောင်းတဲ့ ဆိုင်အသေးတစ်ချို့ ပိတ်ထားရပြီး (၁)လီတာဗူး တစ်ဗူးကို(၂၅၀၀) ပေးပြီးဝယ်ယူနေရတယ်လို့ ဘားအံမြို့အမှတ် (၄) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

” အခု ဆီ (၁၀၀၀) ဖိုးကို ရေသန့်ဗူးအသေးလေးနဲ့ တစ်ဗူးအပြည့်မရတော့ဘူး၊(၁)လီတာဗူးကို (၂၀၀၀)  ကျော်နေပြီး၊(၂၅၀၀) လောက်ရှိတယ်၊ ဆိုင်ကြီးတွေက ပုံးတွေနဲ့ လာဝယ်ရင်လည်း မရောင်းကြတော့ဘူး၊ ရပ်ကွက်ထဲက တစ်ချို့ဆိုင်တွေပိတ်လိုက်ရပြီး၊” လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာ ဓာတ်ဆီ (92) တစ်လီတာကို (၂၁၇၀) ကျပ်၊ (95) တစ်လီတာကို (၂၂၉၀) ကျပ်နဲ့ ဒီဇယ်တစ်လီတာကို (၂၂၅၀) ကျပ်အထိ စျေးနှုန်းတိုးမြင့်နေသလို အခုလို လောင်စာဆီစျေးနှုန်းတိုးမြင့်နေတာတွေ နဲ့ ဆီပြတ်လတ်တာတွေကြောင့် ဘားအံမြို့ထဲက Taxi ခတွေနဲ့ သုံးဘီးအငှားမောင်းသူတွေလည်း စျေးနှုန်းတိုးမြင့်လာတယ်လို့ ဘားအံမြို့ဒေသခံတွေက ဆိုပါတယ်။

” အခုဆိုရင် မြို့ထဲကနေ ကမ်းနားလမ်းကနေ လမ်းဂွလောက်ဆိုရင် ဆိုင်ကယ် taxi ခက (၃၅၀၀)၊(၄၀၀၀) လောက်ဖြစ်နေပြီး၊ အရင်ကဆိုရင် (၁၅၀၀) လောက်က အများဆုံးဘဲ၊ အခု စျေးတက်တာ အရမ်းဘဲ၊ Nan Hpan-an လည်း စျေးတက်တယ်၊ (၅၀၀၀) လောက်ဆိုရင် ဘယ်မှ သိပ်သွားလို့မရတော့ဘူး၊ ဘားအံနီးနီးလေးလောက်ဘဲသွားလို့ရတော့တယ်၊ ဂူဘက်တွေကို သွားရင် စျေးပိုကြီးလာတယ်၊” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ဆို့ပါတယ်။

အခုလို လောင်စာဆီပြတ်လတ်တာတွေ ဖြစ်ပေါ်နေတာကြောင့် ဘားအံမြို့အနီးတစ်ဝိုက်က ကျေးရွာတွေဘက်မှာလည်း ဆီစျေးတက်တာတွေ ၊ ဓာတ်ဆီဝယ်ယူလို့မရတာတွေကြောင့် သွားလာရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကတိုးကျေးရွာမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

” အခုရွာထဲမှာ ဆီဝယ်လို့မရတော့ဘူး၊ ၁လီတာဗူးကို (၃၀၀၀) နားကိုကပ်နေပြီး၊ ဆီထည့်မယ်ဆိုရင် နောက်ရွာမှာ သွားဝယ်ရတယ်၊ တစ်ချို့ဆိုရင် စက်ဘီးတွေနဲ့ သွားနေကြတယ်၊ တစ်ခါတစ်လေကျရင် မီးစက်ရှိရင်တောင် မီးပျက်ရင် စက်နိုးဖို့ ဆီမရှိတော့ဘူး၊” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Cj

Phar Si Than (People’s Radio Myanmar)