[videopress 08chBH5h]
မတ်လ ၆ရက်နေ့၊ ၂၀၂၄ခုနှစ်
လောင်းလုံမြို့နယ်၊ ကျောက်နီမော်ရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အလစ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ LLPDFရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
မတ်လ ၃ရက်နေ့၊ ည၇နာရီလောက်မှာ ကျောက်နီမော်ရွာထဲ အင်အား ၁၅ဝန်းကျင်လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀လောက် ဖြစ်ပွားခဲ့တယ်လို့ LLPDFရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ ကျနော်တို့ သွားပစ်တဲ့ စခန်းက အရံစခန်းပါ။ အင်အား ၃၀လောက်နဲ့ တပ်စွဲထားတဲ့ စခန်းတခုက ရှိသေးတယ်။ ကျနော်တို့ဘက်က ၈၁မမ လက်နက်ကြီးနဲ့ အရင်စပစ်ပါတယ်” လို့သူက အခုလိုပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်ပေမယ့် အတိအကျကိုတော့ မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့ LLPDFရဲ့ တာဝန်ရှိက ဆက်ပြောပါတယ်။
LLPDFရဲ့ တာဝန်ရှိသူက “ ကျောက်နီမော်ရွာနဲ့ မလှမ်းမကမ်း ပင်လယ်ပြင်မှာလည်း ကျောက်ချထားတဲ့ စစ်သင်္ဘောတစ်စီးတော့ အမြဲရှိတယ်။ ရန်သူတွေကတော့ စခန်းကနေ မစွန့်ခွာသေးပါဘူး” လို့သူက ပြောပြပါတယ်။
ကျောက်နီမော်ရွာရှိ ပျူစောထီးတွေက စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းပြီး လောင်းလုံမြို့နယ်ထဲက ပြည်သူတွေကို ဖမ်းဆီးခိုင်းသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခိုင်းတယ်လို့ လောင်းလုံမြို့နယ် ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ရက်နေ့တုန်းကလည်း ကျောက်နီမော်ရွာအနီးရှိ ရဲချောင်းလမ်းဆုံမှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ပြီး စစ်ကားတစ်စီးပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ-LLPDF
Phar Si Than (People’s Radio Myanmar)