
နိုဝင်ဘာလ ၁၆ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းထောင်ဝန်ထမ်းတွေ နှစ်လအတွင်း ထွက်ပြေးနေတာ (၉)ဦးရှိဖြစ်ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ (၉)ရက်နေ့နဲ့ (၁၂)ရက်နေ့တွေမှာ အကျဉ်းထောင်အိပ်ဆောင်မှူး ဗိုလ်လေး သန်းဌေးဆိုသူနဲ့ အကျဉ်းဦးစီးဌာနက တပ်သား သန့်ဇင်တို့ တိတ်တဆိတ်ထွက်ပြေးသွားတာဖြစ်ပြီး သူတို့ကို ဆက်သွယ်လို့ မရတဲ့ အချိန်မှ ထွက်ပြေးသွားတယ်ဆိုတာကို ထောင်အာဏာပိုင်တွေက သိတာဖြစ်တယ်လို့ အကျဉ်းထောင်ဝင်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါတယ်။
“ သူတို့ထွက်တာကို ဘယ်လို သိလဲဆိုတော့ သူတို့ကိုယ်တိုင်ကတော့ ထွက်ပြေးတယ်ဆိုတာတော့ မပြောဘူး။ အဆောင်မှာနေတယ်။ အပြင်ထွက်တဲ့ ပုံစံမျိုးနဲ့ ရုတ်တရက် ပျောက်ထွက်သွားတယ်” လို့ သူကအခုလို ပြောပါတယ်။
နိုဝင်ဘာလ (၉)ရက်နေ့၊ ညနေပိုင်းမှာတော့ ထားဝယ်မြို့အပြင်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ လာရောက်ရှာဖွေ စစ်ဆေးနေတာကို လုပ်ဆောင်နေခဲ့တယ်လို့ ထားဝယ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ကျန်းမာရေးလမ်းဘက်တွေမှာ လာရှာနေကြတယ်။ မြို့ထွက်ဂိတ်တွေမှာလည်း အစစ်အဆေးတင်းကြပ်တယ်။ ကြက်စားပြင်ဘက်တွေမှာလည်း သွားရှာတာပါဘဲ့” လို့ သူကပြောပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ထားဝယ်အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးနဲ့ ဖုန်းတွေ သိမ်းဆည်းရမိတာကြောင့် အကျဉ်းထောင်အရာရှိတွေအပါအဝင် ထောင်ဝန်ထမ်း အယောက် (၂၀)ကျော်လောက်ကို ဖမ်းဆီးထောင်ချ အရေးယူတာတွေကိုလုပ်ဆောင်ခဲ့သလို အောက်တိုဘာလ (၁)ရက်နေ့ကလည်း ထားဝယ်မြို့အပြင်မှာ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်တွေ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ထောင်ဝန်ထမ်းတွေ သိသိသာသာ လျော့နည်းလာပြီး ဒီနေ့အထိ ဗိုလ်လေးအဆင့်ရှိသူ တစ်ဦးအပါအဝင် ထွက်ပြေးသွားတဲ့ အကျဉ်းထောင်ဝန်ထမ်း (၉)ဦးထိရှိပြီဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆိုပါတယ်။
ပြီးခဲ့အောက်တိုဘာလကလည်း တပ်သားအဆင့်ရှိတဲ့ ထောင်ဝန်ထမ်းတစ်ဦး ထွက်ပြေးသွားတာကြောင့် အကျဉ်းထောင်အရာရှိက အခြားထောင်ဝန်ထမ်း (၄)ဦးကို သူ့ကိုလိုက်ခေါ်ဖို့ လွှတ်လိုက်ပေမယ့် အဲ့ဒီ ၄ဦကလည်း ပြန်မလာဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။
“ သူတို့က ထွက်ပြေးကြတာတော့ မတူကြဘူး။ အားလုံညှိပြီးထွက်ပြေးတာမျိုးမဟုတ်ဘူး။ သူ့အစီအစဉ်နဲ့သူ ထွက်ကြတယ်။ ဝန်ထမ်း (၂)ယောက်လည်း ပစ်သတ်ခံထားရတော့ ကြောက်နေကြတာနေမှာပါ” လို့သူကပြောပြပါတယ်။
အခုလက်ရှိ ထားဝယ်အကျဉ်းထောင်ထဲမှာ ထောင်ဝန်ထမ်းတွေ ဖိအားပေးခံနေရပြီး အင်အားနဲ့ အလုပ်လုပ်နေရတာတွေ မမျှတဘဲ ဖြစ်လာတယ်လို့ သိရပါတယ်။
အကျဉ်းထောင်ဝင်းအတွင်း နေထိုင်သူတစ်ဦးက “ ဝန်ထမ်းတွေက မရှိကြတော့ တယောက်တည်းနဲ့ ဟိုအလုပ်လည်းလုပ်ချင်၊ ဒီအလုပ်လည်းလုပ်ချင် ဖြစ်နေကြတယ်။ သူတို့ကြောက်စိတ်တွေလည်း ဝင်နေကြတယ်။ အကျဉ်းသားတွေထက် သူတို့ပိုဒုက္ခများနေတယ်” လို့သူကအခုလိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း အကျဉ်းဦးစီးဌာနက ဒုတပ်ကြပ်နိုင်လင်းကျော်ဆိုသူ ထွက်ပြေးခဲ့ပြီး ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရပြီးနောက် ထားဝယ်အကျဉ်းထောင်က ထောင်ဝန်ထမ်းတွေအနေနဲ့ သေနတ်ကိုင်ပြီး ကင်းစောင့်နေရတယ်လို့ ထောင်တွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)