
ဖေဖော်ဝါရီ ၅ ရက် ၊ ၂၀၂၄
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် နဂါးတွင်းရွာက အဖွားတစ်ဦးကို စစ်ေကာင်စီတပ်သားေတွက မီးရှို့သတ်သွာသလို နေအိမ်တွေကိုလဲ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ရက် မနက် ၈ နာရီလောက်မှာ ဘုဘရွာကနေ အင်အား ၈၀ ကျော် နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နဂါးတွင်းရွာထဲကိုဝင်လာပြီး ညနေ ၃ နာရီလောက်မှာ အဲဒီရွာက ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦးကို မီးရှို့သတ်ဖြတ်သွားသလို နေအိမ် ၁၀၀ ဝန်းကျင်ကိုလဲ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ ရွာထဲရှင်းလင်းရေးလုပ်နေတုန်းမို့ မီးလောင်သွားတဲ့ အိမ်ခြေအရေအတွက်ကိုတော့ တိတိကျကျပြောလို့မရသေးပါဘူး
စစ်ကောင်စီတွေမလာခင် ရွာသားတွေကြိုရှောင်ထားတော့ ဖမ်းဆီးခံရတာမျိုးတွေလဲ မရှိဘူး” လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။
နဂါးတွင်းရွာကို မီးရှို့ဖို့လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ၃ နာရီကြာ ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ နဂါးတွင်းရွာကို မီးရှို့ပြီး ညနေ ၅ နာရီလောက်မှာတော့ တောပုရွာထဲကို ပြန်လည်ဝင်ေရာက်သွားခဲ့ပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နဂါးတွင်းရွာက ဒေသခံပြည်သူတွေလဲ ဒီနေ့မနက်မှာ ကျေးရွာထဲကို ပြန်လည် ဝင်ရောက်နေထိုင်ပြီး ဖြစ်ပါတယ်။
ယင်းစစ်ကြောင်းဟာ မအူဂိတ်ကနေလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တောပုရွာထဲကိုဝင်သွားပြီး အဲဒီကနေတဆင့် လယ်တောရွာ နဲ့ ဘုဘရွာထဲကိုဝင်ရောက်သွားပြီး ဘုဘရွာမှာ တညအိပ်စခန်းချခဲ့တာဖြစ်ပါတယ်။
နဂါးတွင်းေကျးရွာဟာ အခုလိုမီးရှို့ခံရတာ ၃ ကြိမ်မြောက်ရှိပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့မှာ ၁၆ အိမ် ၊ နိုဝင်ဘာ ၃ ရက်နေ့မှာ ၁၇ အိမ် ၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့မှာတစ်ကြိမ် မီးရှို့ဖျက်ဆီးခံရတာပဲဖြစ်ပါတယ်။
သတင်း – နောနော