
ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအုပ်စု၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ Kyaiktho Revoluton Force ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင် အချိန်ရှိ မုပ္ပလင်လမ်းဆုံဂိတ်ကို KRF၊ KNU/KNLA ၊ ABSDF၊သေမင်းတမန် ပူးပေါင်းအဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၈ ဦး သေဆုံးကာ ၇ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်မှလည်း ၄၀ မမ၊ ၆၀ မမ၊၈၁ မမအပြင် လက်နက်ငယ်တွေနဲ့ပါပြန်လည် ပစ်ခတ်ခဲ့တာကြောင့် KRF တပ်ဖွဲ့ဝင် ၂ ဦးမှာမအစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ အေးမင်းထွန်း ကပြောပါတယ်။
“မုပ္ပလင် လမ်းဆုံ စကစ စစ်ဆေးရေးဂိတ် အနီးက ရန်သူ အခိုင်မာ တပ်စွဲထားတဲ့နေရာကို
KNU ၊ KNLA ၊ ABSDF ၊ ကျိုက်ထို(ပကဖ)၊KRF တော်လှန်ရေး အဖွဲ့များမှ ၄၀ မမ. ၂၅ လုံး ၊ RPG. ၂ လုံး များဖြင့် စတင်ပစ်ခတ်
၁၅ မိနစ် နီးပါး ထိတွေ့မှုဖြစ်ပြီး ရန်သူဘက်မှ (၈) ဦးသေဆုံးတယ် (၇) ဦးဒဏ်ရာရရှိတယ်၊အဲ့ဒီခန်းမှာ အင်အား၃၀ လောက်ရှိမယ်၊ ဒဏ်ရာရတဲ့သူ ၂ ယောက်ကမစိုးရိမ်ရဘူးနော်၊လက်နက်ကြီးစမှန်တာပါ”လို့ သူကပြောပါတယ်။
ဒါ့အပြင် နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်လောက်က စစ်ကောင်စီတပ်ဘက်က လက်နက် ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံအမျိုးသမီး တစ်ဦးကပြောပါတယ်။
“လက်နက်ကြီးသံတွေ ၁၅ ၁၆လောက်ရှိတယ် ကြားတာ၊ အချိန်ကတော့ ၁ နာရီခွဲလောက်ရှိမယ်၊ စကစဘက်ကလက်နက်ကြီးတွေလည်း
ပစ်တယ် လက်နက်ငယ်တွေလည်းပစ်တယ်”လို့သူကပြောပါတယ်။
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကလည်း“မနေ့က လက်နက်ကြီး တစ်လုံးပစ်သံကြားတယ်ရှင့် ဘယ်ကပစ်တယ်ဆိုတာတော့မသိဘူး၊ ကြားတယ်ဆိုရုံလောက်ပဲ ကားလမ်းနဲ့ညီမတို့နဲ့ဝေးလို့လေ”လို့ သူပြောပါတယ်။
မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ဟာ မကြာခဏဆိုသလိုတိုက်ခိုက်ခံနေရတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက် အရသိရပါတယ်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းဝန်း၊စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်၊ ဌာနဆိုင်ရာ ရုံးဝတွေမှာမကြာခဏဆိုသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်တာကိုခံနေရတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် သထုံခရိုင် ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းကို ဇူလိုင်လ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာကာ ဇူလိုင် လ ၂၇ ရက်နေ့ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အခုအချိန်ထိနှစ်ဖက်စစ်ရေးအခြေနေတင်းမာနေဆဲဖြစ်တာကြောင့်
ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းက ဒေသခံတစ်ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)