
ဇူလိုင်လ ၂၉ရက်နေ့၊ ၂၀၂၃ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အခြေစိုက် ကမ်းရိုးတန်းဒေသစစ်ဌာနချုပ် (ကရခ) လက်အောက်ခံ ခလရ(၁၀၃)က တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး မြိတ်ခရိုင်တပ်ရင်း(၁)ကို လက်နက်နဲ့အတူ လာရောက်ပူးပေါင်းခဲတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)ရဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။
ဇူလိုင်လ ၂၆ရက်နေ့မှာ ခလရ (၁၀၃)တပ်ရင်းကနေ တပ်ကြပ်ကြီး ဝင်းနိုင်ဆိုသူက မြိတ်ခရိုင်တပ်ရင်း(၁)ကို MA-3 ၁လက်၊ ကျည်ဘောက်၂ခု၊ 5.56ကျည် ၃၁၇ထောင့် ကိုယူဆောင်လာကာ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ အလင်းဝင်လာတဲ့အချိန်မှာ ကျနော်တို့တပ်ရင်းရဲ့ တာဝန်ရှိသူတွေကနေ တွေဆုံမေးမြန်းတာတွေလုပ်တယ်၊ ပြီးတော့ ယုံကြည်ရတဲ့ အရင်းအမြစ်တွေကနေ သူရဲ့ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးတာမျိုးတွေလုပ်ပါတယ်။ သူ့ရဲ့ အနေအထိုင် အပြုအမူတွေကို သတိထားစောင့်ကြည့်တယ်” လို့ မြိတ်ခရိုင်တပ်ရင်း (၁) တာဝန်ရှိသူက ပြောပါတယ်။
အခုလို မြိတ်ခရိုင်တပ်ရင်း (၁)ထံအလင်းဝင်လာတဲ့ တပ်ကြပ်ကြီး ကိုဝင်းနိုင်ဆိုသူကလည်း ပြည်သူ့ဘက်ကနေရပ်တည်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။
“ ကျနော့်အနေနဲ့မှန်ကန်တဲ့လမ်းကိုပဲလျှောက်ချင်တယ်။ မှားနေမှန်းသိလျက်နဲ့ ဆက်မလျှောက်ချင်တော့ဘူး။ လူတစ်စုကောင်စားရေးအတွက်နဲ့ ကျနော်တို့ အောက်ခြေကလူတွေရဲ့ အသက်တွေလည်း မစတေးနိုင်ဘူးဗျာ” လို့ ကိုဝင်းနိုင်ကပြောပါတယ်။
လက်ရှိအခြေအနေမှာ မိသားစုဝင်တွေအနေနဲ့လည်း လွတ်မြောက်နယ်မြေကို ရောက်သွားပြီလို့သိရပါတယ်။ ခလရ(၁၀၃)တပ်ရင်းမှာ ၂၆နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အခုလိုမျိုး CDM ပြုလုပ်ဖို့အတွက် အချိန်၂လကျော်ယူခဲ့ရတယ်လို့ တပ်ကြပ်ကြီး ကိုဝင်းနိုင်ကဆိုပါတယ်။
“ တာဝန်ရှိသူတွေက မိသားစုတွေအတွက် စီစဉ်ပေးတယ်။ အခုတော့လွတ်မြောက်နယ်မြေတစ်ခုကိုရောက်သွားပြီးလို့သိရပါတယ်။ ကျနော်တပ်ရင်းမှာ တာဝန်ထမ်းဆောင်တာ ၂၆နှစ်ကြာတယ်။ CDM လုပ်ဖို့ တောထဲမှာ ၂လကျောလောက် ဒုက္ခဆင်းရဲအမျိုးမျိုးခံခဲ့ရတယ်” လို့ သူကဆက်ပြောပါတယ်။
လက်နက်နဲ့တကွ CDMပြုလုပ်ခဲတဲ့ တပ်ကြပ်ကြီးဝင်းနိုင်းကို NUGကာကွယ်ရေးဝန်ကြီးဌာနက ငွေကျပ် ၄၄သိန်းနဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
အခုလက်ရှိအချိန်အထိ မြိတ်ခရိုင်တပ်ရင်း(၁)ကို လာရောက်ပူးပေါင်းတဲ့ တပ်သား ၂ယောက်ရှိပြီး တပ်ကြပ်ကြီး ကိုဝင်းနိုင်ကတော့ လတ်တလောမှာ လေ့ကျင့်ရေးဌာရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ရဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
“ သူတို့ ၂ယောက်လုံးကို ကျနော်တို့ဆီမှာဘဲထားထားပါတယ်။ သူတို့ကိုယ်တိုင်ကလည်း စစ်ကောင်စီကိုပြန်တိုက်ဖို့တောင်းဆိုထားပါတယ်။ ကိုဝင်းနိုင်ကတော့ လောလောဆယ် လေ့ကျင့်ရေးဌာနမှာ နည်းပြအဖြစ်တာဝန်ထမ်းဆောင်နေတယ်ဗျ” လို့ သူကပြောပါတယ်။
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ဘက်က ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကို အလင်းဝင်ရောက်လာတဲ့ တပ်သား ၄၀ကျော်ရှိတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်ထဲမှာ တာဝန်မထမ်းဆောင်လိုတော့တဲ့ စစ်ကောင်စီတပ်သား ၁၅၀၀၀ ဝန်းကျင် ပြည်သူ့ဘက်ကို လာရောက်ခိုလှုံခဲ့တယ်လို့ NUGရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – မြိတ်ခရိုင်တပ်ရင်း(၁)
Phar Si Than (People’s Radio Myanmar)