တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေအဖြစ်များလာတာကြောင့် စစ်ဘေးရှောင်အများအပြားထပ်တိုးလာ

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်

တနင်္သာရီတိုင်းမှာ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်များလာတာကြောင့် နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ ထောင်နဲ့ချီထပ်တိုးလာတယ်လို့ တစ်သွေးတစ်သားရဲဘော်များအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။

တနင်္သာရီတိုင်းရှိ ရေဖြူမြိုနယ်၊ လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ တနင်္သာရီမြို့နယ်‌တွေထဲကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေအဖြစ်များလာတာဖြစ်တယ်လို့ လောင်းလုံဒေသခံတစ်ဦးကပြောပါတယ်။

“၁၂ ရက်နေ့လောက်ကတည်းက စစ်ကြောင်းထိုး၊ လက်နက်ကြီးနဲ့ဆက်တိုက်ပစ်နေတော့ အိမ်မှာနေလို့ မရတော့ဘူး။ အခုဆိုဆယ်ရက်ကျော်နေပြီ။ သွားလိုက်ပြန်လိုက်လုပ်နေရတာ။ အိမ်မှာသွားနေလို့လည်း မရဲဘူး။ စစ်သားတွေက ကြုံရင်ကြုံသလိုဖမ်းကြတာ” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်လူဦးရေတွေ ထပ်တိုးလာခဲ့ပေမယ့် လမ်းကြောင်းအခက်အခဲတွေကြောင့် ရိက္ခာနဲ့ ဆေးဝါးသယ်ယူဖို့ ခက်ခဲတွေရှိလာတယ်လို့ တစ်သွေးတစ်သားရဲဘော်များအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ရိက္ခာနဲ့ဆေးတွေသယ်ဖို့ အခက်အခဲက တော်တော်ဆိုးတယ်။ ရာသီဥတုကြောင့်တစ်မျိုး၊ စစ်တပ်က စစ်ဆေးပိတ်ဆို့တာတွေကတမျိုး” လို့ သူကဆက်ပြောပါတယ်။

နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေက ဘုန်းကြီးကျောင်းတွေ၊ ဥယျာဉ်ခြံတွေနဲ့ အမျိုးအိမ်တွေမှာ နေကြတယ်လို့ တစ်သွေးတစ်သားရဲဘော်များအဖွဲ့ရဲ့ တာဝန်ရှိသူထံကနေ သိရပါတယ်။

“အမျိုးတွေအိမ်မှာနေကြတယ်၊ ဘုန်းကြီးကျောင်းမှာ နေတဲ့လူနေတယ်၊ အဆင်ပြေသလို နေနေကြတာဘဲ” လို့ သူကအခုလိုဆိုပါတယ်။

အခုလက်ရှိ တနင်္သာရီတိုင်းထဲမှာ မိုးဆက်တိုက်ရွာနေတာကြောင့် စစ်ဘေးရှောင်တွေက ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များလာတာကြောင့် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့လည်း တစ်ပိုင်တစ်နိုင် စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

“အခုရာသီက ငှက်ဖျားဖြစ်ကြတာနဲ့ ဖျားကြတာနဲ့ နေမကောင်းတဲ့သူကအရမ်းများတယ်။ ဆေးတွေလည်းလိုတယ်” လို့ သူကအခုလိုပြောပါတယ်။

အခုလို တိုက်ပွဲတွေဆက်တိုက်ဖြစ်များလာတာကြောင့် စစ်ရှောင်လူဦးရေတွေ ၅၀၀၀ ကျော် ထပ်တိုးလာပြီး တနင်္သာရီတိုင်းထဲမှာ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်ရှိတယ်လို့ စစ်ရှောင်အရေးကူညီသူတွေထံကနေ သိရပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာလည်း လောင်းလုံမြို့နယ်ထဲက နခံတောရွာဘက်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အင်အားတွေထပ်ဖြည့်နေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရသိရပါတယ်။

သတင်း – နော်အယ်နီး

ဓါတ်ပုံ – တစ်သွေးတစ်သားရဲဘော်များအဖွဲ့

Phar Si Than (People’s Radio Myanmar)