
ဩဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းက စစ်ကောင်စီတပ်ရဲ့ နယ်လုံဝန်ကြီးလာဘ်စားမှုနဲ့ ပတ်သတ်ပြီး ခေါ်ယူစစ်ဆေးခံနေရတဲ့အထဲမှာ တနင်္သာရီတိုင်းထဲက အကြီးစားလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအချို့လည်း ပါဝင်နေတယ်လို့ ခိုင်လုံတဲ့သတင်းအရင်းအမြစ်ထံမှ သိရပါတယ်။
အခုလက်ရှိမှာတော့ ကော့သောင်းမြို့နယ်ထဲက ခရိုနီလုပ်ငန်းရှင်တွေ အပြင် ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းရေးဝန်ကြီးဌာန (စစစ) နဲ့ စစ်ကောင်စီရေတပ်က တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ စစ်တပ်သတင်း အရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“အခုလက်ရှိခေါ်စစ်နေတာက ကော့သောင်းက ခရိုနီ ၃ ယောက်၊ ရေတပ်ကလူတွေလည်းပါတယ်။ စစစလုံးက လူတွေရော။ ဝန်ထမ်း တွေရောဘဲ” လို့ သူကပြောပါတယ်။
ကော့သောင်းမြို့နယ်ထဲက ခေါ်ယူစစ်ဆေးခံနေရတဲ့ ခရိုနီ လုပ်ငန်းရှင်တွေက ဦးကျော်လွင် (Grand Adaman Hotel-သူဌေးကျွန်း)၊ ဦးစိန်နဂါး (Victoria Hotel & Resort)၊ ဒေါ်ရွှေဝါ တို့ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း မြိတ်မြို့မှာ ထင်ရှားတဲ့ ခရိုနီလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးလှသန်းကိုလည်း လာဘ်စားမှုနဲ့ ညှိစွန်းတယ်လို့ဆိုကာ စစ်ကောင်စီတပ်က ထားဝယ်မြို့ကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ မြိတ်မြို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ဦးလှသန်းကမြိတ်မှာဆိုနာမည်ကြီး။သူကအဲ့ဒီဝန်ကြီးကို ကားတွေလည်း ဝယ်ပေးတယ်ပြောတယ်။ ထားဝယ်ကိုခေါ်သွားတယ်လို့ သူတို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောနေကြတယ်။ လာဘ်ထိုးမှုနဲ့ စစ်ဆေးခံရတာဖြစ်နိုင်တယ်” လို့ သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာလည်း တနင်္သာရီတိုင်းထဲ ယာယီဝန်ကြီးတွေ ခန့်အပ်ထားရှိပြီး ထားဝယ်မြို့နယ်ဘက်က လုပ်ငန်းရှင်တွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပေမယ့် ခေါ်ယူစစ်ဆေး ခံနေရတဲ့သူတွေကို အတည်ပြုနိုင်ဖို့ People’s Radio Myanmar အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ထားဝယ်မြို့ခံတစ်ဦးက “သူတို့ကလုပ်မှာပဲ။ အဓိကက စစ်ကောင်စီဘက်က စစ်တိုင်းမှူးဖမ်းဆီးထိန်းသိမ်းခံရပြီး အသစ် ယာယီအစားထိုးတွေက ခရိုနီတွေကို အပေးယူလုပ်တာ၊ လုပ်ငန်းနဲ့ ထိန်းချုပ်တာတွေဖြစ်နိုင်တယ်။ ယာယီတွေက ဘယ်သူတွေဆိုတာတော့ မသိသေးဘူး” လို့ သူကပြောပါတယ်။
ဇူလိုင်လထဲမှာ စစ်ကောင်စီတပ်ရဲ့ အရာရှိအကြီးပိုင်း ၃ ဦး ဖမ်းဆီးစစ်ဆေးခံရပြီးနောက်ပိုင်း အခုလို ခရိုနီလုပ်ငန်းရှင်တွေနဲ့ အကြီးစားလုပ်ငန်းရှင်တွေကို ဆက်တိုက်ခေါ်ယူ စစ်ဆေးနေတာ ဖြစ်တယ်လို့ စစ်ကောင်စီတပ်ရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
ဩဂုတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က မြို့နယ်အသီးသီးမှာ ရာထူးအပြောင်းလဲတွေနဲ့ ရာထူးမှဖယ်ရှားတာတွေကို ထုတ်ပြန် ကြော်ငြာခဲ့ပေမယ့် တနင်္သာရီတိုင်းအတွက် တိုင်းမှူးကိုတော့ တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]
သတင်း – နော်အယ်နီး
ဓါတ်ပုံ – Myeik Now
Phar Si Than (People’s Radio Myanmar)