
ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အခြေစိုက် ထိုင်း-မြန်မာနယ်စပ်မျဥ်းပေါ်က မူဂျာထိပ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက SF-Z လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MSRF မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၆ နာရီဝန်းကျင်အချိန်မှာ ထိုင်း-မြန်မာနယ်စပ်မျဥ်းပေါ် မူဂျာထိပ်စခန်းကို မွန်ပြည်နယ်နဲ့ တနင်္သါရီတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်းအားစုပူးပေါင်းတပ်ဖွဲ့တွေမှ SF -Z လေယာဥ်နဲ့ဗုံး ၆ လုံးကြဲချခဲ့တယ်လို့ နိုင်နဂါး MSRF မွန်ပြည်တော်လှန်ရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။
“မနက် ၆ နာရီကျော်ကျော်မှာ ပူးပေါင်းတပ်ဖွဲ့က စတိုက်ခဲ့တာ ၇နာရီခွဲ လောက်ပြန်လည် ထွက်ခွါနိုင်ခဲ့ပါတယ်၊ အဲ့ဒီ စကစ တပ်က ဘုရားသုံးဆူမြို့ကို လုံခြုံမှုပေးထားတဲ့ အဓိကကုန်းဖြစ်ပြီး လက်နက်ကြီးတွေတပ်ဆင်ထားတဲ့ စခန်းပါ အင်အား ၅၀ လောက်ရှိပါတယ်လို့ သတင်းစုံစမ်း ရရှိထားပါတယ် အနီးအနားမှာ ပြည်သူတွေမရှိတော့ ရန်သူအသေအပျောက် စာရင်းရဖို့က ခက်ပါတယ်” လို့ သူကပြောပါတယ်။
အခုမူဂျာထိပ်စခန်းကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် စခန်းရဲ့အဆောက်အအုံ ၂ ခု ပျက်စီးခဲ့တာကိုတော့ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာလည်း ဘုရားသုံးဆူမြို့အနီးတစ်ဝိုက် လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ဘုရားသုံးဆူမြို့ဒေသခံတချို့ရဲ့ပြောဆိုချက်အရသိရပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးကတော့ “မြို့ထဲကတောမဟုတ်ဘူး၊ အသံကတော့နဲနဲကျယ်တယ် လှန်းချောက်တာလားမသိဘူး အစ်မသိပ် မသိဘူးသူများပြောတာက လက်နက်ကြီးတဲ့” လို့ သူကပြောပါတယ်။
ဒေသခံအမျိုးသားတစ်ဦးကလည်း “အသံတော့ကြားတာပဲ ဘာတိုက်ပွဲမှဖြစ်တာလည်းမဟုတ်ဘူး ထားဝယ်စုတောင် ဘက်ခြမ်းစစ်တပ် တပ်ကနေ ခြောက်လှန့်ပစ်တယ်လို့တော့ပြောကြတာပဲ၊ မနက်အစောကြီးက နှစ်ချက် ၈ နာရီကျော်က၂ ချက်” လို့ ဇူလိုင်လ၂၈ ရက်နေ့ကပြောပါတယ်။
မွန်ပြည်နယ်နဲ့ တနင်္သါရီတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်တာဟာ တတိယအကြိမ်ဖြစ်ပြီး သုံးကြိမ်လုံးကိုလည်း ဒရုန်းတွေကိုသာအသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ နိုင်နဂါး MSRF မွန်ပြည်တော်လှန်ရေးတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေမှာလည်း မကြာခဏ တိုက်ခိုက်ခံနေရပြီ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ သံတောင်မြို့နဲ့ ဖာပွန်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး ဘားအံမြို့နဲ့ လှိုင်းဘွဲမြို့ရှိ ဒေသတချို့မှာတော့ နှစ်ဖက်စစ်ရေးအခြေနေ တင်းမာနေတာဆဲ ဖြစ်ကြောင်းသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)