
အောက်တိုဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့ရှိ ခလရ ၉၇ တပ်နဲ့ လှိုင်ဝအမြောက်ကုန်းကနေ ကော့ကရိတ်မြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ ကော့နွဲ့၊ ကမိုင်ကုန်း၊ အံဖကြီးကျေးရွာနဲ့ အာရှလမ်းမဘက်တွေကို တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်လောက်ကလည်း စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် အံဖကြီးကျေးရွာက နေအိမ်သုံးလုံးထိခိုက်ခဲ့ပြီး အသက် ၅၆ နှစ်အရွယ် ဒေါ်မယ်တင်ဆိုသူ ထိခိုက်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေကပြောပါတယ်။
“လက်နက်ကြီးကတော့ ညတိုင်းပစ်နေတာဘဲ၊ ညကလည်း ၈နာရီလောက်ကစပြီး ၉၇ ကနေပစ်တာ၊ အံဖကြီးရွာထဲမှာ သုံးလုံးကျတယ်၊ ဒေါ်မယ်တင်ကတော့ အိမ်ပေါ်ကိုကျပြီးတော့ သူ့ဗိုက်ကိုထိသွားတာ၊ ဒဏ်ရာနည်းနည်းဘဲရသွားတယ်၊ မစိုးရိမ်ရပါဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို စစ်ကောင်စီတပ်ဘက်ကလည်း ကော့နွဲ့ကျေးရွာနဲ့ အာရှလမ်းဘက်တွေကို စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် KNLA တပ်ဖွဲ့တွေက အဆင်သင့်အနေအထားနဲ့ရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“စစ်ဆင်ရေးအခြေအနေကတော့ ဒီကောင်တွေလည်း ရှေ့တိုးဖို့ပြင်ဆင်နေတယ်၊ လက်နက်ကြီးကတော့ နေ့တိုင်းပစ်နေတာပါဘဲ၊ အခုလက်ရှိမှာတော့ ကျွန်တော်တို့တွေရှေ့မှာ အဆင်သင့်အနေအထားနဲ့ ရှိနေကြပါတယ်” လို့ သူကပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို တောင်ကြာအင်းကျေးရွာထဲ စစ်ကောင်စီတပ်က တပ်စွဲနေထိုင်နေပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ သြဂုတ်လနဲ့ စက်တင်ဘာလ ၂ လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၅ လုံးကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Dooplaya District
Phar Si Than (People’s Radio Myanmar)