
မေလ ၂ရက်၊ ၂၀၂၄ ခုနှစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ကျေးရွာအချိုမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ကျေးရွာသာတွေကို လူသားဒိုင်းပြုလုပ်ထားတယ်လို ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ မေလ ၁ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။
စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ဆီဆိုင်မြို့နယ် ထမ်းယံနှင့် ပန်အွန်းကျေးရွာတိုမှာ တပ်စွဲထားပြီး ဧပြီလ ၁၇ ရက်နေ့နောက်ပိုင်းကစပြီး ကျေးရွာဒေသခံတွေကို ရွာပြင်ထွက်ခွင့်ပိတ်ထားတယ်လို့ PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက People’s Radio Myanmar ကိုပြောပါတယ်။
“ ဧပြီလ အလယ်လောက်ကတည်းက စလုပ်(ထွက်ခွင့်မပေး) နေတာ။ သူတိုက လူသားဒိုင်းလုပ်တာပေါ့ ခုလိုတွေထွက်ခွင့်ပိတ်တော့ ကျေးရွာသားတွေ ဒုက္ခရောက်တာပေါ့ ခုက တောင်ယာရှင်းလင်းချိန်လေ” လို့ သူကပြောပါတယ်။
ဒေသခံကျေးရွာသူ/ကျေးရွာသားတွေကို ကျေးရွာအပြင်ဘက်မှာတွေ့ပါက တော်လှန်ရေးသမားအဖြစ်သတ်မှတ်ပြီး ပစ်ခတ်မယ်လို့ ထမ်းယံနဲ့ ပင်အွန်းကျေးရွာမှာတပ်စွဲထားတဲ့ PNO ပြည်သူ့စစ်အဖွဲ့က ပြောကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“သူတိုက အိမ်ပေါ်တက်အိပ်တာလည်း ဖိနပ်မချွတ်ဘူး ထမင်းဟင်းလည်း နေ့တိုင်းချက်ပေးရတယ်။ အပြောအဆိုလည်း တအားရိုင်းတယ်။ ရွာအပြင်မှာတွေ့တာနဲ့ တော်လှန်ရေးသမားလို သတ်မှတ်ပြီး ပစ်သတ်မယ်လိုလည်း ခြိမ်းခြောက်တယ်။ ရွာကနေ မြိုကို ဆင်းတဲ့လမ်းမှာလည်း သူတိုဂိတ်တွေက ပြည်သူတွေကို စစ်ဆေးတာ တအားရိုင်းပြီး ဖုန်းတွေသိမ်းတယ်။ ပိုက်ဆံတွေ တောင်းတယ်” လို့ ကျေးရွာဒေသခံတွေက ဆိုပါတယ်။
ယခုကိစ္စနဲ့ပက်သက်ပြီး ဆီဆိုင်မြို့နယ် ဘန်ယဉ်ကျေးရွာအပိုင် စခန်းမှူးခွန်ကျော်ဝင်းကိုဆက်သွယ်မေးမြန်းခဲ့ရာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။
“ ဒေသခံတွေက ပုံမှန်သွားသွားလာလာလုပ်နေပါတယ်။ မဟုတ်ပါဘူး အဲ့လို ပိတ်ပင်တာမျိုးမရှိပါဘူး ၊ ဈေးနေ့တွေဆို သွားလာနေကြတာပါပဲ” လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ ဆီဆိုင်မြိုနယ်၊ ဝိန်းလုံကျေးရွာအတွင်းကို ဒရုန်းနဲ့ ၄ ကြိမ် လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝိန်းလုံကျေးရွာပတ်ဝန်းကျင်တွင်လည်း ဒရုန်းနဲ့ ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခွန်ဖူးဆို ၈ နှစ် ၊ နန်းရွှေစင် ၆ နှစ်နဲ့ နန်းဒွုတ် ၂၉နှစ် တို့ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
သတင်း- Naw Drizzle
ပုံ- လူမှုကွန်ရက်