ထားဝယ်မြို့ပေါ်ရှိ တံတား၄ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်

မတ်လ ၁၆ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ဘုမ္မော်ရပ်ကွက်နဲ့ ကြက်စားပြင်ရပ်ကွက်က တံတားတွေကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ ထားဝယ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၁၅ရက်နေ့၊ မနက်ပိုင်းလောက်မှာ ဘုမ္မော်ရပ်ကွက်ရှိ ဗိုလ်သန်ကြည်တံတား၊ ပတ္တလားတံတားနဲ့ ကြက်စားပြင်ရပ်ကွက်ရှိ သံတံတားကြီးတွေကို စစ်ကောင်စီတပ်သားနဲ့ စည်ပင်ဝန်ထမ်းတွေက အတားအဆီး အခိုင်အမာချကာ ပိတ်ချလိုက်တာဖြစ်တယ်လို့ ထားဝယ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။

“ မနေ့က မနက်ပိုင်းမှာ လာပိတ်ချသွားတာ။ တနေရာရာ သွားမယ်ဆို တကွေ့ကြီး ပတ်ပြီး သွားနေရတယ်။ ဘာဆက်ဖြစ်အုံးမလဲဆိုတာ မပြောတတ်တော့ဘူး” လို့သူက အခုလိုပြောပါတယ်။

ဘုမ္မော်နဲ့ ကြက်စားပြင်ရပ်ကွက်မှာရှိတဲ့ ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်က တံတားတွေ ပိတ်ချလိုက်တာကြောင့် အသွားအလာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပိတ်ချလိုက်တဲ့ တံတားလေးစင်းဟာ ထားဝယ်မြို့ထဲက‌နေ ဘုမ္မော်နဲ့ ကြက်စားပြင်ရပ်ကွက်တွေကို ဆက်သွယ်ထားတဲ့ တံတားတွေဖြစ်ပါတယ်။

မတ်လ ၈ရက်နေ့တုန်းကလည်း ဘုမ္မော်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအနီးရှိ ဦးသီးရွှေတံတားကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ဦးသီးရွှေတံတား အနီးတဝိုက်မှာ အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်နေတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ရက်နေ့က ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက အခုလို တံတားတွေကို ပိတ်ချလိုက်တာက ပြည်သူတွေကို လူသားဒိုင်းလုပ်ဖို့ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုခဲ့ပါတယ်။

၂၀၂၁ခုနစ် စစ်ကောင်စီတပ်အာဏာသိမ်းပြီး ၃လကြာမှာ ဘုမော်ရပ်ကွက်ကတံတား ၂ခု၊ ဒေါင်းငူရပ်ကွက်ရှိ တံတားနဲ့ သံတံတားကြီး စုစုပေါင်း ၄ခုကို စစ်ကောင်စီတပ်က သံဆူးကြိုးတွေနဲ့ တားဆီးပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ဖူးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- ပိတ်ခံထားရတဲ့ ဦးသီးရွှေတံတား

Phar Si Than (People’s Radio Myanmar)