
နိုဝင်ဘာလ ၂ ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ချောင်းတောင်ကျေးရွာနဲ့ တံတားဦးကျေးရွာ ဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့လောက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာပါ။
ဒီကနေ့ နိုဝင်ဘာလ ၂ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ချောင်းတောင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ နဲ့ လှိုင်ဝအမြောက်ကုန်းကနေ ချောင်းတောင်ကျေးရွာနဲ့ တံတားဦးကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
” ပစ်ခတ်သံတွေလည်း ကြားနေရတယ်၊ ချောင်းတောင်ဘက်ကို လက်နက်ကြီး ပစ်ထုတ်နေတယ်၊ အခုလည်း တံတားဦးဘက်ခြမ်းကို ပစ်နေတယ်၊ မြို့ထဲမှာလည်း လူမရှိတော့ဘူး၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ ကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသလို စစ်ကောင်စီတပ်ဘက်က အထိအခိုက်များနေတာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ ကော့ကရိတ်မြို့ထဲကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လာမှာကို စိုးရိမ်နေကြတယ်လို့ ကော့ကရိတ်မြို့ဒေသခံ တစ်ဦးက ဆိုပါတယ်။
” မြို့ထဲမှာလည်း လူမရှိတော့ဘူး၊ အခုလည်း လေယာဥ်လာချမှာကြောက်လို့ မြို့ထဲမှာလူရှင်းနေတယ်၊ စျေးထဲမှာဆိုရင်လည်း လူမရှိတော့ဘူး၊ လမ်းပေါ်မှာလည်း ရှင်းထွက်နေတာဘဲ၊ မြဝတီမြို့ဘက်ကိုလည်း ပြေးကြတယ်၊ ရဲစခန်းနားက လူတွေလည်းပြေးကြတယ်၊” လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေကာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကလည်း ရှေ့တန်းနေရာတွေမှာ မဆုတ်ခွာဘဲရှိနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့လောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးကာ ဒေသခံ ၃၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)