ထားဝယ်မြို့မှာ မီးပုံမှန်မလာပေမဲ့လည်း မီတာခတွေ လေးဆခန့်မြင့်တက်နေ

ဧပြီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်

တနင်္သာရီတိုင်း၊ ထားဝယ်မြိုမှာ ပုဂ္ဂလိကမီး သုံးစွဲသူတွေဟာ မီးပုံမှန်မရရှိ‌ပေမဲ့လဲ မီတာခ‌တွေကတော့ ယခင်ပေးဆောင်ရတဲ့ ဈေးနှုန်းထက် ပိုမိုပေးဆောင်လာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ ထားဝယ်မြို့ မှာ Petro & Trans Co.ltd -ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း က ဖြန့်ဖြူး ပေးတဲ့ ပုဂ္ဂလိက လျှပ်စစ် မီးကို သုံးစွဲနေကြပြီး မီးတာခ ကောက်ခံ ဈေးနှုန်း မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဈေး အတက်အကျအပေါ်မူတည်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အရင်က အစိုးရမီးရခဲ့တယ် မှန်မှန်မပေးနိုင်ဘူး အမြဲတမ်းပျက်နေတာ ခုက ပိုက်ဆံပေးရင် မီးလင်းတယ် ဆီဈေးနဲ့ဆိုင်တယ် ဆီဈေးတက်ရင်တက်မယ် ကျရင် ကျမယ်” လို့သူကပြောပါတယ်။

ယခင်က ဆီတစ်လီတာ (၅၀၀ )ဈေးမှာ မီတာခက တစ်ယူနစ်ကို (၂၀၀ )ကျပ်လောက်ပဲကျသင့်ပြီး ယခု မီတာခက တစ်ယူနစ်ကို( ၄၂၅) ကျပ် ကျနေကာ အိမ်သုံးသီးသန့်ကို တစ်လမှာ တစ်သိန်းကျပ်ခန့် ပေးဆောင်ရတယ်လို့သူက ဆက်ပြောပါတယ်။

“ အဲကွန်းမသုံးရင် တစ်သိန်းလောက်ကျပါတယ် သုံးရင် (၆၀၀၀၀) လောက်ပိုတာပေါ့ ထမင်းက လျှပ်စစ်နဲ့ ဟင်းက ဂတ်စ်နဲ့ချက်တာ ဆီဈေးတက်ရင် မီတာခဈေးတက်မယ် အရင်က ဈေးပိုများတယ် တစ်ယူနစ်( ၈၀၀၊ ၉၀၀)” လို့ဆိုပါတယ်။

ယခုကိစ္စနဲ့ပက်သက်ပြီး ထားဝယ်မြို့လျှပ်စစ်ဖြန့်ဖြူးရေးခရိုင်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာ အရံမီးစက် ၄ လုံးပျက်နေတဲ့အတွက် ဗို့အားကို ထိန်းပြီးထုတ်လွှတ်နေရတာကြောင့် မီးပြတ်နေတာဖြစ်ပြီး နှစ်ရက်အတွင်း ပုံမှန်မီးရရှိမယ်လို့ သိရပါတယ်။

ထားဝယ်မြို့မှာ ပုဂ္ဂလိက မီးတွေ သုံးစွဲရပေမယ့် မီးမမှန်တဲ့အတွက် လုပ်ငန်းတွေ ထိခိုက်ရတယ်လို့ People’s Radio Myanmar ကိုပြောပါတယ်။

“ မီတာခဈေးကြီးလာလေ အမြတ်နည်းလာလေပေါ့ မီးမမှန်တာကတော့ အလုပ်ပျက်ပြီး အလုပ်မလုပ်ရဘူး” လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က လျှပ်စစ်မီးမီတာတစ်ယူနစ်ကို (၂၁၀၊ ၂၁၉ ၊ ၂၃၈)ကျပ် ထိသာ ကျသင့်ခဲ့ပြီး ယခုအာဏာသိမ်းပြီးချိန်မှာတော့ မီတာခတွေပါ ဆတိုးတက်လာတယ်လို့သိရပါတယ်။

သတင်း- Naw Drizzle ပုံ- လူမှုကွန်ရက်