
မတ်လ ၁၅ရက်နေ့၊ ၂၀၂၄ခုနှစ်
စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ မရင်းကြီးရွာကို စစ်ကောင်စီတပ်က ဆန်အပါအဝင် တခြားစားသောက်ကုန်တွေနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မရင်းကြီးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေက အောက်ကင်းရွာအခြေစိုက် ခမရ(၅၅၇) တပ်ရင်းကနေ ဂိတ်ချထားပြီး စားသောက်ကုန်နဲ့ ဆေးဝါးတွေ သယ်လာတဲ့ ကားတွေကို စစ်ဆေးပြီး သယ်ယူခွင့်ပိတ်ထားတာဖြစ်တယ်လို့ မရင်းကြီးရွာ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ဂိတ်လိုမျိုးတော့မလုပ်ထားဘူး။ တပ်ရင်းနဲ့အနီးဆုံးနေရာဖြစ်တဲ့အတွက် အမြဲတော့စောင့်နေကြတယ်။ ကုန်ကားတွေလာရင် မရင်းကြီးဘက်သွားမယ့်ကားဆို အရမ်းစစ်တယ်။ တနင်္သာရီဘက်သွားမဲ့ကားဆို သိပ်မစစ်ဘူး” လို့သူကအခုလိုပြောပါတယ်။
တနင်္သာရီမြို့နယ်ရှိ ဗောဓိကမ်းတံတားမှာ ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက ဆန်နဲ့ ရိက္ခာခြောက်တွေသယ်လာတဲ့ ကုန်တင်ကားသမားတွေကို ခြိမ်းခြောက်ပြောဆိုတာတွေနဲ့ ပစ္စည်းတွေသိမ်းဆည်းတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ မရင်းကြီးဒေသခံတွေအနေနဲ့ ရိက္ခာဖြတ်တောက်ခံထားရတာကြောင့် နီးစပ်ရာရွာတွေဆီကနေ ရိက္ခာတွေကို သယ်ယူနေရတယ်လို့ မရင်းကြီးရွာဒေသခံက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးထားနိုင်တဲ့ ရွာတွေကို ရိက္ခာဖြတ်တောက်ဖို့ အဓိကထား ကြိုးပမ်းနေတာဖြစ်တယ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက မရင်းကြီးရွာထဲကို ဆန်အပါအဝင် ဆီ၊ ဓာတ်ဆီ၊ ကြက်သွန်နီ၊ဆေးဝါးနဲ့ တခြားရိက္ခာတွေကိုပါ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်ကတည်းက အရှေ့တောနယ်ဒေသ၊ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်ထဲရှိ ကျေးရွာတွေကို ရိက္ခာဖြတ်တောက်တာတွေကို စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- cj
Phar Si Than (People’s Radio Myanmar)