
မတ်လ ၁၉ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သင်္ဃန်းညီနောင်ကျေးရွာမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတာ ၁၀ ရက်ကျော်ကြာမြင့်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ် မီးလောင်ပျက်စီးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။
မတ်လ ၁၉ရက်နေ့ မနက်ပိုင်းမှာလည်း ခမရ ၃၅၆၊ ၃၆၇ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသလို တိုက်ပွဲဖြစ်ပွားရာနေရာတစ်ဝိုက်ကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာပါ၊ PDF တွေက ၃၅၆၊ ၃၅၇ နေရာတွေကို တိုက်ဖို့ကြိုးစားနေသလို၊ စကစ လေယာဉ်ကလည်း တိုက်ပွဲဖြစ်နေတဲ့ အနီးဆုံးနေရာတွေကို ဗုံးကြဲတာပေါ့၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၁၈ရက်နေ့ကလည်း သင်္ဃန်းညီနောင်ကျေးရွာနားမှာ တစ်နေကုန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ည ၁၂နာရီလောက်ကလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ခလရ ၂၇၅ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဝှေ့ရှမ်းကျေးရွာ အမှတ် ၃ ရပ်ကွက်ကနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ ၂၇၅ ကနေလက်နက်ကြီးပစ်ပြီးလောင်တာ၊ ဝှေ့ရှမ်းရွာထဲကို လက်နက်ကြီးကျပြီး အိမ်တစ်လုံးပါသွားတယ်၊ မြဝတီ ရပ်ကွက် ၇ ထဲကနေဆို အသံအကြီးကြီးတွေ နှစ်ရက်လောက်ရှိပြီး ကြားနေရတယ်၊ မြို့ထဲကလူတွေဆို မနက် ၄ နာရီလောက်ကစပြီး ကြားရတယ်၊ ညဘက်အသံတိတ်ချိန်ဆို ၂၇၅ ကနေ ပစ်တဲ့ လက်နက်ကြီးသံတွေ ကြားနေရတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သင်္ဃန်းညီနောင်ကျေးရွာက ဒေသခံ နေအိမ် အလုံး ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း သင်္ဃန်းညီနောင်ကျေးရွာနားရှိ ခမရ ၃၅၆၊၃၅၇ နဲ့ သင်္ဃန်းညီနောင် ဗျူဟာကုန်းနေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် သင်္ဃန်းညီနောင်၊ရွာသစ်နဲ့ ဝှေ့ရှမ်းကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ မြဝတီမြို့တွင်းရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးတွေရဲ့ နေအိမ်မှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ အရပ်ဘက်လူမှုကူညီရေးလုပ်ကိုင်နေသူတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)