
သြဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီတပ်လက်အောက်ခံ မြို့မရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖာပွန်မြို့ဒေသခံတွေထံမှသိရပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်လက်အောက်ခံ မြို့မရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်၊ စစ်ကောင်စီတပ် လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ပွား ခဲ့ကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ဒီမနက်က မြို့မရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်တယ်လို့တော့ကြားတယ် အခုမနက် ၅ နာရီကတည်းက မြို့တွင်းစစ်တပ်လုံခြုံရေးရှိတဲ့နေရာတစ်ချို့ကို KNLA တွေ လာတိုက်တယ် အခုထိမပြီးသေးဘူး” လို့ သူကပြောပါတယ်။
ဒါ့အပြင် သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းအချိန်မှာလည်း စစ်ကောင်စီတပ်ဘက်မှ မြို့ပြင်ဘက်ကို တစ်ညလုံးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ သူကဆက်ပြောပါတယ်။
“ညကလည်း စစ်တပ်ဘက်က လက်နက်ကြီးတွေ မြို့အပြင်ဘက်ကိုပစ်ထုတ်နေတယ် တစ်ညလုံးဘဲ” လို့ သူကပြောပါတယ်။
မနက် ၁၁ နာရီဝန်းကျင်အချိန်လောက်မှာ နှစ်ဖက်ထိတွေ့ပစ်ခတ်တဲ့ အသံတွေမကြားရတော့ဘူးလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်လက်အောက်ခံ မြို့မရဲစခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုတွေ ပျက်စီးတာတွေကိုတော့ အတိအကျမသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကလည်း ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ် ၊လူဝင်မှုကြီးကြပ်ရေးရုံး၊ စာရင်းစစ်ရုံးနဲ့ ဥပဒေရုံးတို့မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ပါသေးတယ်။
ဖာပွန်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေမှာ မကြာခဏဆိုသလို မိုင်းခွဲ တိုက်ခိုက်ခံနေရတာကြောင့် ဖာပွန်မြို့ထဲက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအများစုမှာ ကမောင်းမြို့ကို ပြောင်းရွှေ့နေထိုင်ပြီး စစ်ကောင်စီရဲ့ရုံးလုပ်ငန်းတွေကိုဆက်လက် လုပ်ဆောင် နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကရင်ပြည်နယ်အတွင်းဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ သံတောင်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNLA သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)