
မတ်လ ၂၀ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်က နေရာနေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ ဘားအံမြို့မှာတော့ စစ်တပ်နဲ့ KNU/KNLA(PC)၊ DKBA ၊ BGF အဖွဲ့တွေ ပူးပေါင်းပြီး ချစ်ကြည်ရေးဖလားဘောလုံးပွဲ စတင်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘောလုံးပွဲကို မတ်လ ၂၀ရက်နေ့မှာ ဘားအံမြို့ရှိ ဇွဲကအင်အားကစားကွင်း၊ လှာကမြင်ကွက်သစ် ဘောလုံးကွင်းမှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဘောလုံးပွဲကို စစ်ကောင်စီတပ် လက်အောက်ခံ Non CDM ဌာနဆိုင်ရာဝန်ထမ်းတွေက လာရောက်ကြည့်ရှုခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ ကရင်အင်္ကျီတွေနဲ့လာတာလည်းတွေ့တယ်၊ အနီးကပ်တော့မတွေ့ရဘူး၊ ဌာနက လူတွေကတော့ ဝန်ထမ်းအင်္ကျီတွေနဲ့ တက်ရတယ်၊ အပြင်လူတွေမပါဘူး၊ရုံးဝန်ထမ်းတွေဘဲ လာရတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပေါ်နေပြီး ကရင်လူငယ်တွေကလည်း တိုက်ပွဲထဲမှာ ဝင်တိုက်နေတဲ့အချိန် KNU လူကြီးတွေက အခုလို ဘောလုံးပွဲကျင်းပတာမျိုး မလုပ်သင့်ဘူးလို့ ဘားအံမြို့နေ ကရင်လူမျိုး ဒေသခံတစ်ဦးက ပြောပါတယ်။
“ ဒီလောက် အနီးနားက မြို့တွေမှာပါ တိုက်ပွဲဖြစ်နေတာတောင် ကရင်ပြည်နယ်မှာ ချစ်ကြည်ရေးဘောလုံးပွဲလုပ်တာကြီးက မကောင်းဘူးလေ၊ မဖြစ်သင့်ဘူး၊ နောက်ပြီးတော့ ကရင်လူငယ်တွေက တောထဲမှာ တိုက်ပွဲဝင်နေတဲ့အချိန် KNU လူကြီးတွေက ဒီလိုပွဲလုပ်တာ မဖြစ်သင့်ဘူး၊” လို့ ကရင်လူငယ်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ကျိုက်ဒုံနဲ့ သံတောင်ကြီးမြို့နယ်တွေမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ ဘားအံနဲ့ လှိုင်းဘွဲမြို့နယ်ဘက်တွေမှာတော့ ဘောလုံးပွဲ၊ လမ်းဖွင့်ပွဲတွေနဲ့ ကျေးရွာဘက်မှာ လောင်းကစားဝိုင်းနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Cj
Phar Si Than (People’s Radio Myanmar)